ရန်ကုန်မြို့မှာ ယိုးဒယားကြက်အူချောင်းတွေစားမိလို့ လူ(၅၀)ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

မေ ၁၀၊၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ဘူတာစုအပိုင်းက ကျူးကျော်တဲမှာ နေထိုင်တဲ့ လူငါးဆယ်ကျော်ဟာ မနေ့ မေလ ၉ရက် ညနေပိုင်းက ယိုးဒယားကြက်အူချောင်းတွေဝယ်စားမိလို့ အစာဆိပ်သင့်ပြီး ဆေးရုံနှစ်ခုမှာ တင်ထားရတယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

ရွာသာကြီးဘူတာအနီးက ကျူးကျော်တဲမှာနေထိုင်တဲ့ မိသားစုဝင်(၅၀)ကျော်ဟာ မနေ့ညနေ ၅နာရီက ရပ်ကွက်အတွင်း ဈေးပေါပေါနဲ့လာရောက်ရောင်းချတဲ့ ယိုးဒယားကြက်သားလုံး၊ကြက်သားချောင်းတွေကို ဝယ်စားမိလို့ အစာဆိပ်ဖြစ်ကာ ဆေးရုံတင်ခဲ့ရတယ်လို့ မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းမှ ကိုမင်းဒင်က VOM ကို ပြောပါတယ်။

“စျေးပေါပေါနဲ့လာရောင်းတာ ဝယ်စားကြတယ်၊ ပြီးတော့ မူးတယ် အန်တယ် အသားတွေပြာလာတယ်၊ လူဦးရေငါးဆယ်လောက်ဆေးရုံတင်လိုက်ရတယ်”လို့ သူကရှင်းပြပါတယ်။

အစာအဆိပ်သင့်တဲ့လူဦးရေငါးဆယ်ကျော်ထဲက ကလေးတွေကို မနေ့ည ၈နာရီက ရန်ကင်းကလေးဆေးရုံကို ပို့ဆောင်ခဲ့ပြီး လူကြီးတွေကို စံပြဆေးရုံကြီးမှာ ပို့ဆောင်ထားရတယ်လို့ မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းမှ ကိုမင်းဒင်က VOM ကို ပြောပါတယ်။

လက်ရှိမှာတော့ အစာအဆိပ်သင့်တဲ့ လူကြီးရော ကလေးတွေပါ ကျန်းမာရေးကောင်းမွန်တယ်လို့ ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

သူတို့တွေစားသုံးခဲ့တဲ့ အသားလုံးအသားချောင်းမှာ ယိုးဒယားစာနဲ့ရေးသားထားပြီး ကြက်တံဆိပ်ပုံစံနဲ့ ထုတ်လုပ်ထားတဲ့ စားသောက်ကုန်တစ်မျိုးပဲဖြစ်ပါတယ်။

ဒီလိုဖြစ်စဥ်မျိုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်က
သီပေါမြို့နယ်၊ တွန်ခေါကျေးရွာမှာ မိခင်နဲ့ကလေးသုံးဦး ယိုးဒယားထုတ်ကြက်အူချောင်းတွေစားလို့ အစာဆိပ်မှုဖြစ်ပြီး လာရှိုးဆေးရုံမှာ ဆေးကုသခံမှုခဲ့ရပါသေးတယ်။

အဲဒီတုန်းကလည်း ကြက်တံဆိပ်ယိုးဒယားကြက်အူချောင်းကို ညနေပိုင်းမှာစားသုံးပြီး အစာဆိပ်ဖြစ်၊ အောက်ဆီဂျင်ကျပြီး ဆေးရုံတင်ခဲ့ရတာဖြစ်ပါတယ်။

အလားတူ ဖေဖောဝါရီလ ၇ ရက်ကလည်း ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ၁ ရပ်ကွက်မှာ ကြက်တံဆိပ်ယိုးဒယားကြက်အူချောင်းကိုဝယ်စားမိတဲ့ ကလေးငယ်(၉)ဦးဟာ အစာအဆိပ်သင့်လို့ ဆေးရုံတင်ခဲ့ရာကနေ ၂ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပြီးခဲ့တဲ့လပိုင်းကပဲ အဲ့ဒီအသားချောင်းတွေမှာ Benzoic Acidသတ်မှတ် ပမာဏထက် ကျော်လွန်သုံးစွဲထားပြီး အဏုဇီဝ သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိလို့ စာသုံးဖို့မသင့်တဲ့ အစားအသောက်များအဖြစ် ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ယိုးဒယားကြက်အူချောင်း #အစာအဆိပ်သင့်

Related posts

Leave a Comment

VOM News

FREE
VIEW