လမ်းဆုံ

ဆူးငှက်

တကယ်တော့ ထိုနေရာသည် အမရပူရကောင်းစားစဉ်အခါက သာသနာ့အောင်မြေကြီးဖြစ်ခဲ့၏။ တောင်ဘက် တံခွန်တိုင်ရပ်တွင် အမရပူရခေတ်က ပရိယတ္တိ၊ ပဋိပတ္တိသာသနာ ရောင်ဝါနေလိုထွန်းခဲ့သော ပြည်တိုက်၊ ပုဂံတိုက်၊ မဟာဘုံကျော်တိုက် အစရှိသည်ဖြင့် သာသနာ့မြေဧက တစ်ရာကျော်ဝယ် ဘုရား၊စတီ၊ ပုထိုး။ ဘုန်းကြီးကျာင်းတိုက်ကြီးများဖြင့် ကြေးစည်သံ၊ ဆည်းလည်းသံများနှင့်အတူ တရားစည်ကြီး ဟည်းဟည်းကျော် ညံခဲ့သောနေရာဖြစ်ခဲ့ပါသည်။ တကယ့်
သာသနာ့အောင်မြေပင်တည်း။

မြို့ဟောင်းဘူတာမှ မီးရထားလမ်းအတိုင်း တောင်ဘက်သို့အနည်းငယ်သွား၍ အရှေ့ဖက်သို့ ရှုမျှော်ကြည့်လိုက်လျှင် အုတ်တံတိုင်းမုခ်ပျက်အချို့သာ ကျန်တော့သော ကျောင်းတိုက်ဟောင်းကြီး(၂)တိုက်ကို တောင်မြောက်ယှဉ်လျှက် တွေ့ရပေမည်။ ထိုကျောင်းတိုက်ကြီးနှစ်တိုက်ကား အရပ်အခေါ်အားဖြင့် “တောင်မှန်ကျောင်း”၊ “မြောက်မှန်ကျောင်း”ဖြစ်သော်ငြား မူလအမည်က မဟာအဘယာရာမတိုက်နှင့် မဟာဝိဇိတာရာမတိုက် တို့ဖြစ်ကြောင်း သိသူနည်းလှပါသည်။

မဟာအဘယာရာမတိုက်တွင် ‘မဟာတုလွတ်ဘုံကျော်ကျောင်း’ကြီးရှိခဲ့ဖူးပြီး၊ မဟာဝိဇိတာရာမ တိုက်တွင် ‘မဟာအောင်မြေဗိမာန်’ ကျောင်းရှိခဲ့ဖူးပါသည်။

မဟာအဘယာရာမတိုက်မှာ မင်းတုန်းမင်းကြီး၏ ခမည်းတော်ဖြစ်သော ရွှေဘိုမင်း၏ မိဖုရားကြီးကောင်းမှုဖြစ်သည်။ ‘မဟာဝိဇိတာရာမတိုက်’သည်ကား နောင်အခါ မင်းတုန်းမင်းကြီး၏ စကြာဒေဝီမိဖုရားကြီးဖြစ်လာသည့် ရွှေဘိုမင်း၏ မင်းသမီးတော်က ဆောက်လုပ်လှူဒါန်းသော ကျောင်းတိုက်ကြီးဖြစ်၏။ ဤကျောင်းတိုက်ကြီး (၂)တိုက်ကို သမီးတော်နှင့်မယ်တော်တို့သည် မရှေးမနှောင်းပင် ဆောက်ကြဟန်တူသည်။ ကျောင်းတိုက်ကြီး (၂)တိုက်စလုံးကို ၁၂ဝ၄ ခုနှစ် တပေါင်းလမှာပင် မရှေးမနှောင်းရေစက်ချကြသည်။ ထို့နောက် သာသနာပိုင်ဆရာတော် ဦးဉေယျအား တင်လှူကြ၏။ ကျောင်းနှစ်ကျောင်းကိုလည်း သမီးတော်ကျောင်း၊ မယ်တော်ကျောင်းဟု ခေါ်ဝေါ်ခဲ့ ကြသည်။

‘မဟာအဘယာရာမတိုက်’တွင် မဟာတုလွတ်ဘုံကျော်ကျောင်းကြီးအပြင် မယ်တော်ကျောင်းလည်းရှိ၏။ မဟာဝိဇိတာရာမတိုက်တွင် မဟာအောင်မြေဗိမာန်ကျောင်းကြီးအပြင် သမီးတော်ကျောင်း၊ ယွန်းစုကျောင်း၊ ငွေကျောင်း စသည့်အပြင် အမည်မသိတော့သည့် ကျောင်းရာများ (၅)နေရာရှိခဲ့ပါသည်။ ထိုကျောင်းတိုက်ကြီး နှစ်တိုက်စလုံးမှ ကျောင်းနှစ်ကျောင်းစလုံးပင် မိဖုရားကောင်းမှု၊ သမီးတော်ကောင်းမှုများဖြစ်သည့် အားလျော်စွာ မြန်မာ့ဗိသုကာအညွန့်အဖူးများချည်းဖြစ်သည်။

ထူးခြားချက်အနေဖြင့် မောက်မှန်ကျောင်းက အစီအစဉ်ကောင်းပြီး တောင်မှန်ကျာင်းက ပန်းပုလက်ရာကောင်းသည်ဟု ဆိုကြ၏။ ကျောင်းတော်တွင်းပြာသာဒ်ကွက်များတွင် တောင်မှန်ကျောင်းက ဒေါင်းရုပ်စသော ငှက်ရုပ်များထုထားပြီး မြောက်မှန်ကျောင်းက ဇာတ်ကြီး (၁ဝ)ဘွဲ့ကို ပန်းချီရေးထားသည်။ မြောက်ကျောင်းစနုမှာ ပြာသာဒ်ပါပြီး၊ တောင်ကျောင်းမှာ စနုမပါ။ တောင်ကျောင်းတိုင်ထွတ်တွင် နဂါး (၄)ကောင်နှင့် အလယ်၌ လက်အုပ်ချီနေသော နတ်ရုပ်များထည့်ထား၏။ မြောက်ကျောင်းတွင် စေတီပုံတိုင်ထွတ်များဖြစ်သည်။ တောင်ကျောင်းတွင် တိုင်ထောက်အဖြစ် နယားရုပ်များတပ်ဆင်ထားပြီး မြောက်ကျောင်းမှာ လူအရပ်မျှရှိသော နတ်ရုပ်၊ လူရုပ်၊ ဂဠုန်ရုပ်၊ ဘီလူးရုပ်၊ ကိန္ဒရာဖိုမရုပ်၊ ဇော်ဂျီရုပ်၊ လူပျံရုပ်၊ ခြင်္သေ့ခေါင်းနှင့် လူကိုယ်ရုပ်၊ ကျွဲခေါင်းနှင့် လူကိုယ်ရုပ်များရှိခဲ့သည်။

မင်းတုန်းမင်းတရားကြီး အမရပူရ၌စံနေစဉ် ခရစ် ၁၈၅၅ ခုနှစ်၌ အင်္ဂလိပ်သံဖယ်ရာ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟင်နရီယူးလ်က “ဤမျှအိမ်တွင်းအသုံးအဆောင်ချို့တဲ့သော လူမျိုးတစ်မျိုးက ဤမျှခမ်းနားကြီးကျယ်သော လက်ရာကို ဘယ်သို့စွမ်းဆောင်နိုင်သည်ကို အံ့သြစိတ် အလျဉ်းမပါဘဲ ဤကျောင်းတော်ကြီးများကို ကြည့်၍ မဖြစ်နိုင်ပေ”ဟု ‘အဝနေပြည်တော်သွားသံအဖွဲ့’(Mission to the Court of Ava) စာအုပ်တွင် ရေးသားခဲ့လေသည်။

သို့သော် မြန်မာ့အနုပညာဂုဏ်ဆောင်ဖြစ်သည့် ကျောင်းတော်ကြီးနှစ်ဆောင်ကား ယခုအခါ အုတ်ဟောင်းအုတ်ပုံအုတ်ခုံဟောင်းမှလွဲ၍ ဘာမျှမရှိတော့ပြီ။ သမီးတော်ကျောင်းက ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မီးသင့်လောင်ခဲ့သည်။ တောင်မှန်ကျောင်းကြီးကမူ စစ်ကြီး၌ ကံကောင်းထောက်မစွာ ဗုံးဒဏ်လွတ်ကာ အကောင်းပကတိ ကျန်ရစ်ခဲ့ပါသေး၏။ သို့သော် စစ်ကြီးအပြီး
မကြာလှသော ကာလမှာပင် လူမသမာအချို့က လုံခြုံရေးစိတ်မချရ…။ ပစ္စည်းများပြတိုက်ပို့ရမည်အကြောင်းပြကာ တစ်စစီဖျက်ဆီးယူငင်သွားကြသည်ဆို၏။
မန္တလေးနိုင်ငံတော်ပြတိုက်၌မူ ပန်းပုလက်ရာလွန်စွာအနည်းငယ်မျှသာ ပို့ခဲ့ကြသည်ဆို၏။ ဤသို့ဖြင့် ဤကျောင်းတိုက်ကြီး နှစ်တိုက်ပျောက်ကွယ် သွားရလေပြီ။

ဤသို့သော သာသနာ့အောင်မြေနေရာတွင် သာသနာရောင်ဝါထိန်ထိန်သာသည့် အမှတ်လက္ခဏာအဖြစ် လက်ရာမြောက်ကျောင်းတိုက်ကြီးများ ပျောက်ကွယ်ကာ ပရိယတ္တိစာအံစာကျက်သံလည်း ဆိတ်သုဉ်းခဲ့လေပြီ….။ ယခုတော့ ထိုနေရာတဝိုက် မျှော်ကြည့်လိုက်လျှင်ကား……
xxxxxxxxxxxxxxxxxx
နေဝင်ကာနီး၊ခရီးသည်တွေ
ဘယ်ဆီဌာန ပြန်ကြမှာလေ
အချိန်ရှိခိုက်၊ ရှာလိုက်ပါလေ
နေဝင်က ဒုက္ခပင်လယ်ဝေ….။ ။

နေဝင်ချိန်နီးသည်နှင့် အလုပ်ပြန် ဆိုင်ကယ်အုပ်ကြီးသည် တစ်နေ့တာဝမ်းစာ ရှာဖွေပြီးသကာလ နားခိုရာ ကွန်းရိပ်သာဆီသို့ တစ်ညတာ မှေးစက်ရန်ပြန်ကြလေပြီ။ တစ်နေ့ခင်းလုံး ချွေးဒီးဒီးကျ ကျားကုတ်ကျားခဲ ဝမ်းတစ်ထွာအတွက် ရှာဖွေပြီး အားသစ်မွေးရန် အမိုးအကာတစ်ခုအောက် တစ်ညာဉ့်တာမျှ ဝင်ရောက်ခိုနား အားဖြည့်ရပေဦးမည်။ သို့မှသာ နောက်တစ်နေ့မိုးအလင်းမှာ ထိုတစ်နေ့တာအတွက် ရှာဖွေလုပ်ကိုင်င်ဖို့ အားသစ်အင်သစ် တိုးပေမည်မဟုတ်ပါလား….။ ဤလိုနှင့်ပင် လူ့ဘဝသံသရာ၏ မဆုံးနိုင်သော စက်ဝိုင်းကြီးတွင် မငြီးမငြူ၊ မမောမပန်း သူသူငါငါ လျှောက်လှမ်းနေကြရသည်မဟုတ်ပါလော…။

မကြာမီနေဝင်တော့မည်။ အင်ဂျင်သံဆူညံ၊ အိပ်ဇောမီးခိုးနံ့မွှန်ထူ..၊ ဖုန်လုံးကြီးတွေဝေ့ဝဲ…၊ လူခေါ်သံတညံညံ…၊ အပြန်လေလား၊ အသွားလေလား ခွဲခြားသိစွမ်း မတတ်သာချေပြီ။

#voiceofmyanmar #VOM #လမ်းဆုံ #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW