လယ်ယာသုံးပစ္စည်းတွေ မရှိတော့တာကြောင့် မိုးကြိုသီးနှံ စိုက်ပျိုးဖို့ မီးဘေးသင့် တောင်သူတွေ အခက်ကြုံနေ

မေ ၊ ၉-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်းက ကျေးရွာပေါင်း ၅၀ ကျော်ဟာ ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့တာကြောင့် လယ်ယာလုပ်ငန်းခွင်သုံးပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ရပြီး အခုနှစ် မိုးကြိုကာလမှာ ကောက်ပဲသီးနှံတွေ စိုက်ပျိုးနိုင်ဖို့ အခက်တွေ့နေရတယ်လို့ မီးဘေးသင့်တောင်သူတွေဆီက သိရပါတယ်။

” ရွာက မီးရှို့ခံရတာပါ ၊ ဘယ်သူတွေရှို့တယ်ဆိုတာ မပြောရဲပါဘူး ၊ ကြောက်နေရပါတယ်၊ တရွာလုံး မီးလောင်ပြီး လယ်ယာလုပ်ငန်းသုံး နွားတွေ ၊ ထွန်စက်တွေ ၊ ရိတ်သိမ်း ချွေလေ့စက်တွေ မီးလောင်ကုန်တယ် ၊ မျိုးစေ့ကမှအစ ဘာမှ မရလိုက်ဘူး ၊ အဲ့ဒါကြောင့် အခုနှစ် မိုးကြိုသီးနှံ စိုက်ပျိုးဖို့ အခက်အခဲဖြစ်နေရတာပါ ” လို့ မင်းကင်းမြို့နယ် ၊ ဇင်းကလင်းရွာခံ တောင်သူတယောက်က ပြောပါတယ်။

အဲ့ဒီလို လယ်ယာလုပ်ငန်းသုံးပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့တဲ့အတွက် အခုနှစ် မိုးကြိုသီးနှံ မစိုက်ပျိုးနိုင်တဲ့ တောင်သူအများစုကတော့ ကလေးမြို့နယ်တောင်ပိုင်းက နတ်ချောင်း ၊ နတ်မြောင်း ၊ ချောင်းခွ ၊ သံဖို ၊ အရှေ့စည်း ၊ လယ်ကြီး စတဲ့ ကျေးရွာတွေအပြင် အရာတော် ၊ ခင်ဦး ၊ ရေဦး ၊ တန့်ဆည် ၊ ဒီပဲယင်း ၊ ပင်လည်ဘူး ၊ ကန့်ဘလူ ၊ ဝက်လက် ၊ ချောင်းဦး ၊ ယင်းမာပင် ၊ ပုလဲ ၊ မြင်းမူ ၊ မြောင် စတဲ့ မြို့နယ်တွေထဲက တောင်သူတချို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ ခရိုင် ၁၁ ခုရှိတဲ့အထဲက မုံရွာ ၊ ကလေး ၊ ရွှေဘို ၊ ကောလင်း ၊ ယင်းမာပင် ၊ စစ်ကိုင်း၊ ကန့်ဘလူ စတဲ့ ၇ ခရိုင်ထဲက မီးဘေးသင့် တောင်သူတွေဟာ မိုးကြိုသီးနှံစိုက်ပျိုးဖို့ လယ်ယာလုပ်ငန်းသုံး ပစ္စည်းတွေ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့နှစ် ၂၀၂၁ ၊ အောက်တိုဘာကနေ ဒီဇင်ဘာအထိ ၃ လအတွင်း မီးလောင်မှုဖြစ်စဥ်တွေ ရှိတော့ရှိတယ် ၊ နည်းတယ် ၊ အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ပဋိပက္ခဖြစ်စဥ်ကြောင့် ရွာမီးလောင်ရတဲ့ အကြိမ် အရေအတွက် ၅၁ ကြိမ်ရှိတယ် ၊ မီးဘေးသင့် ဒုက္ခသည် အိမ်ထောင်စု ၇၅၅ စု နဲ့ မီးဘေးသင့် အိုးအိမ်မဲ့ ပြည်သူ ၄၆၁၇ ဦးရှိတယ် ၊ အဲ့ဒီအထဲမှာ တောင်သူအများစု ပါဝင်တယ် ၊ သူတို့ ဆုံးရှုံးမှုက ပိုပြီးကြီးမားတယ် ၊ လယ်ယာလုပ်ငန်းသုံး ကျွဲ၊နွား၊ထွန်စက်၊ရိတ်စက် ချွေလေ့စက်ပါမကျန် အကုန်မီးလောင်ဆုံးရှုံးတယ် ၊ စိုက်ပျိုးဖို့ မျိုးစေ့ပါမကျန်ဘူး ” လို့ မုံရွာ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ၊ လူမှုရေးရာဝန်ကြီးရုံး ၊ တာဝန်ရှိသူတဦးက”မီးဘေးကိစ္စကို ကူညီပေးဖို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနက ငွေကျပ် ၁၅၇ ၉၆၄ သန်း ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေကျပ် ၁၉၀ ၉၆၄ သန်း ၊ နှစ်ရပ်ပေါင်း ငွေကျပ် ၃၄၈ ၉၄၈ သန်း ဆောင်ရွက်ပြီး ဖြစ်တယ် “လို့ ပြောပါတယ်။

အခုလ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေမှာ စစ်ကိုင်းတိုင်းထဲက မီးဘေးသင့် အရေအတွက်စာရင်းကို နှစ်စဥ် ထုတ်ပြန်ပေးလေ့ရှိပေမယ့် ဒီနှစ်မှာ ပမာဏ များပြားတာကြောင့် ထုတ်ပြန်ပေးနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #မီးဘေးသင့်တောင်သူ #စိုက်ပျိုးရေးခက်ခဲ

Related posts

Leave a Comment

VOM News

FREE
VIEW