ကိုဗစ်ကြောင့်ပိတ်ထားရတဲ့ ထိုင်း-မြန်မာနယ်စပ်ဂိတ်ကနေ မြန်မာMOUလုပ်သား ၂၀၀ကျော် စတင်ဝင်ခွင့်ရ

မေ ၁၀-၂၀၂၂
KK(VOM)

ကိုဗစ်-၁၉ ရောဂါကြောင့် ၂နှစ်ကျော်ကြာပိတ်ထားရတဲ့ ထိုင်း-မြန်မာနယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ မဲဆောက်-မြဝတီ အမှတ်( ၂ )တံတားကို ဒီနေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာMOU လုပ်သား ၂၈၈ ယောက်ကို စတင်ဝင်ရောက်ခွင့်ပြုခဲ့တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

ဒီလိုဝင်ရောက်ခွင့်ပေးတဲ့နေရာမှာ လုပ်သားတွေအနေနဲ့ ကိုဗစ်စစ်ဆေးမှုပြုလုပ်ပြီးပါက ကွာရန်တင်းဝင်ဖို့မလိုဘဲ အလုပ်လုပ်ရမယ့်နေရာကို တိုက်ရိုက်သွားရောက်နိုင်တယ်လို့ ထိုင်းအလုပ်သမားအရေးဆောင်ရွက်သူတဦးက ပြောပါတယ်။

“ချစ်ကြည်ရေးတံတားမှာ တာ့ချ်ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြန်မာအလုပ်သမားသံအရာရှိတို့ လာကြိုကြတယ်၊ ကိုဗစ်စစ်ထားတဲ့လက်မှတ်ပါရင် လုပ်ငန်းခွင်ကို တန်းသွားယုံပဲ”လို့ သူကပြောပါတယ်။

MOU လုပ်သားတွေအနေနဲ့ ထိုင်းနယ်စပ်ဂိတ်ရောက်ရှိလာပါက ပထမဆုံးအနေနဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့(တော်မော်)က ပထမဦးဆုံးစစ်ဆေးမှုပြုလုပ်မှာဖြစ်ပြီး အလုပ်လုပ်ကိုင်လက်မှတ် (work permit) ထုတ်ပေးဖို့တွက် ထိုင်းအလုပ်အကိုင်ရှာဖွေရေးဌာနမှတာဝန်ရှိသူတွေဆီမှာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ရမှာဖြစ်တယ်လို့ ထိုင်းအထည်ချုပ်စက်ရုံမှာ လုပ်နေတဲ့ ကိုရှိုင်းက VOMကို ပြောပါတယ်။

“ပထမ မဲဆောက်ဆေးရုံမှာ ATK စက်နဲ့ ကိုဗစ်စစ်ဆေးမယ်၊ ပြီးရင် နာမည်စာရင်းသွင်းမယ်၊ ၁၅ မိနစ်လောက်စောင့်ပြီးရင် ထိုင်း လဝက နေထိုင်ခွင့်ဗီဇာထုတ်ပေးမယ်၊ ဒါဆိုကွာရန်တင်းဝင်ဖို့မလိုဘဲ လုပ်ငန်းခွင်ကို သွားလို့ရပြီ”လို့ သူကပြောပါတယ်။

ဒီကနေ့စတင်လက်ခံခဲ့တဲ့ မြန်မာ MOUအလုပ်သမား ၂၈၈ ယောက်ဟာ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်က Panuspoultry Group Co., Ltd ကြက်သားစက်ရုံမှာ အလုပ်လုပ်ဖို့ဖြစ်တယ်လို့ ထိုင်းအလုပ်သမားသံအရာရှိရုံး လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် Panuspoultry Group Co., Ltd ကြက်သားစက်ရုံမှာ အလုပ်သမားလိုအပ်ချက်ဟာ သုံးထောင်ကနေ လေးထောင်အထိ ရှိနေလို့ မြန်မာအလုပ်သမားအများစု အလုပ်ရနိူင်တယ်လို့ ထိုင်း အလုပ်သမားအရေးလှုပ်ရှားသူတွေဆီက သိရပါတယ်။

ဒီကနေ့ ပထမအသုတ် ဝင်ခွင့်ပြုပြီးပါက မနက်ဖန်မှာ ဒုတိယအသုတ်အဖြစ် လုပ်သား ၃၀၀ကျော် ဆက်လက်ဝင်ရောက်နိုင်မှာဖြစ်တယ်လို့လည်း ထိုင်းအလုပ်သမားသံအရာရှိရုံးက ဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။

ထိုင်နိူင်ငံဘက်ကို မတရားမဝင်သွားလာနေတဲ့ မြန်မာအလုပ်သမားတွေ နေ့စဥ် ရာနဲ့ချီ ဖမ်းဆီးခံနေရတဲ့ သတင်းတွေဟာလည်း ဒေသအတွင်းမီဒီယာအချို့မှာ ဖော်ပြထားပါတယ်။

#voiceofmyanmar #VOM #ထိုင်းမြန်မာနယ်စပ် #MOUအလုပ်သမား #စတင်ဝင်ခွင့်ရ

Related posts

Leave a Comment

VOM News

FREE
VIEW