ကျောက်တော် မဟာမုနိစစ်ရှောင်စခန်းမှာ မီးလောင်မှုဖြစ်ခဲ့ပြီး အိမ်ခြေ ၂၆၀ ကျော် မီးထဲပါသွား

မေ ၉-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က မဟာမုနိစစ်ဘေးရှောင်စခန်းမှာ ဒီကနေ့မနက်အစော ၁ နာရီလောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၂၆၀ ကျော် မီးထဲပါသွားတယ်လို့ စခန်းတာဝန်ခံဆီက သိရပါတယ်။

” မီးလောင်တာကတော့ ဟုတ်ပါတယ်။ နေအိမ်တွေအကုန်ပြာကျသွားတယ်။ မီးကိုမတားဆီးနိုင်လိုက်ဘူး။ မီးသတ်ကားတွေကလည်း အချိန်မီရောက်မလာဘူး။ ဒီအတိုင်းရွာသားတွေနဲ့ ဝိုင်းငြိမ်းသတ်ကြရတာ မနိုင်လိုက်ဘူး” လို့ စစ်ရှောင်စခန်းတာဝန်ခံတဦးက ပြောပါတယ်။

ကျောက်တော်မြို့ပေါ်က မီးသတ်ကားတွေဟာ မီးစတင်လောင်ကျွမ်းပြီး ၂ နာရီကျော်လောက်မှာမှ ရောက်ရှိလာတာဖြစ်တယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကျောက်တော်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူးကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

မီးလောင်ကျွမ်းမှုကြောင့် မီးဘေးဒုက္ခသည် ရာနဲ့ချီရှိနေပြီး မိုးရွာနေတဲ့အတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာစတဲ့ အကူအညီတွေလိုအပ်နေကြောင်း စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

“အခုက မိုးရွာနေတယ်ဆိုတော့ စစ်ဘေရှောင်တွေအတွက် စားရေး သောက်ရေး နေရေးထိုင်ရေး အခက်အခဲရှိတယ်။ စားနပ်ရိက္ခာအကူအညီတွေပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုချင်ပါတယ်” လို့ သူကပြောပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ စခန်းရှိ စာသင်ကျောင်းနဲ့ ရုံးခန်းအဖြစ်ထားတဲ့ ရထားဘူတာရုံမှာ ခေတ္တနေကြရတယ်လို့ သိရပါတယ်။

မီးလောင်ရတဲ့အကြောင်းအရင်းကတော့ ဖယောင်းတိုင်မီးထွန်းထားရာကနေ တဲအိမ်ကြမ်းပြင်ကို မီးကူးစက်ရာက စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

စစ်ဘေးရှောင်စခန်းတွေရဲ့ တဲအိမ်အများစုဟာ ဓနိမိုးပြီး ဝါးကိုအဓိကအသုံးပြုဆောက်လုပ်ထားတာဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေအနေနဲ့ ဘေးအန္တရာယ်ကို အထူးဂရုပြုသင့်ကြောင်း ဝေဖန်သုံးသပ်သူတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၇ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၆၆၀ ကျော် မီးလောင်ဆုံးမှုဖြစ်ပွားခဲ့ပါသေးတယ်။

ဓာတ်ပုံ- မာရယု/ FB
#voiceofmyanmar #VOM #ကျောက်တော် #စစ်ရှောင်စခန်း #အိမ်ခြေ၂၆၀ကျော်မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW