ပခုက္ကူ – မြိုင် ကားလမ်းပေါ်က မြတ်နိုးသူ တိုးလ်ဂိတ် မီးရှို့ခံရပြီး ပစ္စည်းတွေလုယူခံရ

မေ ၊ ၁၀-၂၀၂၂
SP (VOM)

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ပခုက္ကူ – မြိုင်ကားလမ်းပေါ်က မြတ်နိုးသူ ဆောက်လုပ်ရေး ကုမ္မဏီပိုင် တိုးလ်ဂိတ်ဟာ မနေ့ မေ ၉ ရက် ည ၉ နာရီဝန်းကျင်က ပစ္စည်းတွေလုယူခံရပြီး မီးရှို့ဖျက်စီးခံသွားရတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” တိုးလ်ဂိတ်မှာရှိတဲ့ ကုန်တင်ကား ၂ စီး ၊ နောက်ပြီး ကောင်တာငွေ ပိုက်ဆံတွေ ပါသွားတယ် ၊ ဓားပြတွေက တိုးလ်ဂိတ်ကို မီးရှို့ဖျက်စီးခဲ့တာကြောင့် ကောင်တာငွေ ဘယ်လောက်ပါသွားတယ်ဆိုတာ အခုထိ စီစစ်နေဆဲဖြစ်တယ် ” လို့ မြတ်နိုးသူကုမ္မဏီနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒါ့အပြင် လက်နက်တွေကိုင်ဆောင်ထားတဲ့ လူတွေဟာ ဆိုင်ကယ်တွေ ကားတွေနဲ့ တိုးလ်ဂိတ်ကို ရောက်လာပြီး ဓားပြတိုက် ၊ မီးရှို့ဖျက်စီးသွားတာဖြစ်တယ်လို့ ကုမ္မဏီဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ ပခုက္ကူမြို့ပေါ်က စစ်တပ်နဲ့ ရဲတွေရောက်လာပြီး အမှုဖွင့်အရေးယူးဖို့ စီစစ်နေတာတွေရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပခုက္ကူမြို့ ၊ စက်မှုဇုန်ရပ်ကွက်က OK ကွန်ကရစ်စက်ရုံနဲ့ ကြံ့နှစ်ကောင် ဘိလပ်မြေ သိုလ်လှောင်ရုံတို့မှာ ဘိလပ်မြေသယ်တဲ့ တွဲကား ၂ စီး နဲ့ ပိုက်ဆံတွေ လုယူခံရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

ဒါ့အပြင် ပခုက္ကူမြို့ပေါ်က အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် ၁ ဆိုင်လည်း ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ သိရပါတယ် ။

#voiceofmyanmar #VOM #မြိုင် #တိုးလ်ဂိတ် #မီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW