ပို့ကုန်ရငွေ ဝင်ရောက်ဖို့ကျန်တဲ့ ကုမ္ပဏီ ၁၅၈ ခုကို ထပ်မံအရေးယူ၊ ဒါရိုက်တာအဖွဲ့ဝင်တွေကို အမည်မည်းစာရင်းထည့်သွင်း

မေ ၁၀-၂၀၂၂
VOM (GG)

ပြည်ပကို ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ဖို့ကျန်တဲ့ ကုမ္ပဏီ ၁၅၈ ခုကို ထပ်မံအရေးယူလိုက်ပြီး ဒါရိုက်တာအဖွဲ့ဝင်တွေကိုပါ အမည်မည်းစာရင်းထည့်သွင်းလိုက်တယ်လို့ ဗဟိုဘဏ်ကအသိပေးလိုက်ပါတယ်။

အခုဆိုရင် အရေးယူထားတဲ့ ကုမ္ပဏီပေါင်း ၆၈၁ ခုရှိနေပြီး ဒါရိုက်တာအဖွဲ့ဝင် အမည်မည်းသွင်းတာကိုတော့ အခုမှ စတင်လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

” ဒါရိုက်တာတွေကိုပါ အမည်မည်းစာရင်း စပြီးသွင်းလာတယ် ပြီးခဲ့တဲ့လတုန်းကတော့၊ မှတ်ပုံတင်သိမ်းတာ ပဲရှိတာပေါ့၊ အရင်က ကိုဗစ်ပေါ့၊ အခုကနိုင်ငံရေးအခြေအနေဆိုတော့ လုပ်ငန်းရှင်တွေကလည်း လုပ်ငန်း တွေကအဆင်မပြေတော့ သူတို့ပြောသလို ဘဏ်စာရင်းထဲငွေတွေထည့်ဖို့က တော်တော်အဆင်မပြေတဲ့အခြေအနေကိုရင်ဆိုင်နေကြရတယ် ၊ ပြီးခဲ့တဲ့ ရက်ကလည်း တခုထုတ်တာတွေ့တယ်၊ အာရှကို ပို့ကုန်ပို့ရင် ၄၅ ရက်အတွင်း ပို့ကုန်ရငွေ ပြန်ရရမယ်တဲ့ “လို့ ပို့ကုန်လုပ်ငန်းရှင်တဦးကပြောပါတယ်။

ထပ်ပြီးအရေးယူလိုက်တဲ့ ကုမ္ပဏီ ၁၅၈ ခုကတော့၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်နေတာဖြစ်ပြီး အဲ့ဒီကုမ္ပဏီတွေကို ဘဏ်ကနေ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခြင်း၊ UMFCCI ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ဆက်သွယ်ခေါ်ယူစာရင်းရှင်းလင်းခြင်း စတဲ့အကြောင်းကြားမှုတွေပြုလုပ်ခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်း၊ အစည်းအဝေးတွေ ပြုလုပ်ပြီး ဆွေးနွေးခြင်းကို အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရရှိသူတွေအနေနဲ့ ပို့ကုန်အမှန်တကယ်တင်ပို့ခဲ့တဲ့ အထောက်အထားတွေအရ ကုန်စည်ကို သင်္ဘောတင်တဲ့နေ့ကနေ သုံးလအတွင်း ပို့ကုန်တင်ပို့သူတွေက ပို့ကုန်ရငွေ လက်ခံရရှိခြင်း ရှိ၊မရှိ ကို စိစစ်ရမယ်လို့ ပြင်ဆင်လိုက်တာဖြစ်တယ်လို့ ဗဟိုဘဏ်က နိုဝင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါ တယ် ။

ပို့ကုန်တင်ပို့ချိန်ကနေ ၃ လအတွင်းပို့ကုန်ရငွေ ဘဏ်စာရင်းထဲ နိုင်ငံခြားငွေထည့်သွင်းဖို့သတ်မှတ်ပြဌာန်းမှုနဲ့ပတ်သက်ပြီး အာရှနိုင်ငံတွေကိုပို့ကုန်တင်ပို့ခြင်းဖြစ်ပါက ရက်ပေါင်း ၄၅ ရက်အတွင်းပို့ကုန်ရငွေပြန်ရောက်ရမယ်လို့ ဗဟိုဘဏ်က မေလ ၆ ရက်နေ့မှထပ်မှတ်သတ်မှတ်လိုက်ပါတယ်။

အရင်ကတော့ ပို့ကုန်ရငွေတွေဟာ ပြည်ပကိုတင်ပို့ပြီးနောက် အချိန် ၆ လအတွင်းမှာ မြန်မာနိုင်ငံက ဘဏ်အကောင့်ထဲကို ရောက်ရှိရမှာဖြစ်တယ်လို့ သိရပါတယ်။

ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေတွေ သတ်မှတ်ကာလအတွင်း ပြန်ဝင်လာခြင်းမရှိသေးတဲ့ကုမ္ပဏီတွေကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းပြီး အရေးယူမှုကို ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ကစပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပို့ကုန်ရငွေဝင်ရောက်ဖို့ကျန် #ကုမ္ပဏီ၁၅၈ခုကို #ထပ်မံအရေးယူ

Related posts

Leave a Comment

VOM News

FREE
VIEW