မြောက်ကိုရီးယားမှာ အဖျားရောဂါလက္ခဏာရှိသူ တစ်သိန်းရှစ်သောင်းကျော်ကို သီးခြားထား ကုသပေးနေရ

ပြုံးယမ်း၊ မေ-၁၃-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ပထမဆုံးလူသေဆုံးမှုကို အတည်ပြုခဲ့ပြီး လူသောင်းပေါင်းများစွာဟာ အဖျားရောဂါလက္ခဏာများခံစားနေရကြောင်း နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ကြေညာပါတယ်။

အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် လူခြောက်ဦးသေဆုံးခဲ့ပြီး ဖျားနာနေသူ ၁၈၇၀၀၀ ကို သီးခြားခွဲထားပြီး ကုသမှုပေးနေကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက မေ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာယခင်အချိန်တွေကတည်းက ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ထားသော်လည်း မြောက်ကိုရီးယားအာဏာပိုင်တွေကတော့ မေ ၁၂ ရက်မှသာ ပထမဆုံး ရောဂါကူးစက်မှုကို အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။

မြို့တော်ပြုံးယမ်းမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့ပြီး လော့ခ်ဒေါင်းအစီအမံတွေကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားမှုအရေအတွက်ကို ထုတ်ပြန်ခြင်းမရှိပါဘူး။

မြောက်ကိုရီးယားဟာ နိုင်ငံတကာအသိုင်းအဝိုင်းက သန်းပေါင်းများစွာသော ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ပေးအပ်ဖို့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

ကပ်ရောဂါစတင်ဖြစ်ပွားပြီးနောက် ၂၀၂၀ ခုနှစ် ဇန်နဝါရီအစောပိုင်းမှာ နိုင်ငံနယ်စပ်တွေကိုပိတ်ပစ်ခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက အခိုင်အမာပြောဆိုထားခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW