မိုးအဆက်မပြတ်ရွာနေတာကြောင့် ဗန်းမောက် – ဟုမ္မလင်းကားလမ်းမှာ ၃ ရက်မြောက်ထိ ကားတွေ ပိတ်မိနေ

မေ ၊၁၆-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်နဲ့ ဟုမ္မလင်းမြို့တို့ကို ကိုယ်ထူကိုယ်ထ ဆက်သွယ်ဖောက်လုပ်ထားတဲ့ ဗန်းမောက် – အနောက်တော – နမ့်စက် – ဟုမ္မလင်း ကားလမ်းဘက်မှာ အဆက်မပြတ် မိုးရွာနေတဲ့အတွက် ကားတွေ သွားလာလို့မရဘဲ တောင်ပေါ်မှာ ပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” အခုလ ၁၃ ရက်ကနေစလို့ လမ်းမကောင်းလို့ ကားတွေ ပိတ်မိနေတာပါ ၊ ကုန်စိမ်းနဲ့ စားသောက်ကုန်တွေကတော့ ရက်ကြာလာတဲ့အတွက် ပုတ်သိုးပျက်စီးကုန်တယ် ၊ ပိတ်မိနေတဲ့ ကားအရေအတွက်က အတက်ကားရော အဆင်းကားပါဆို ၅၀ ကျော်မယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။

အရင်က အခုလို မိုးဦးကာလတွေနဲ့ မိုးရာသီတွေမှာ ကောလင်း ၊ ပင်လည်ဘူး ၊ ဖောင်းပြင် ဟုမ္မလင်းလမ်းကို ကားတွေက အသုံးပြု သွားလာကြတာဖြစ်ပေမယ့် အဲ့ဒီကားလမ်းဟာ ပြီးခဲ့တဲ့ မတ်လကစလို့ တိုက်ပွဲတွေဖြစ်ပြီး လမ်းပိတ်ထားတာကြောင့် ကားတွေဟာ ဗန်းမောက်- ဟုမ္မလင်း မြေသားလမ်းဘက်ကို မဖြစ်မနေ ရွေးချယ်ပြီးသွားလာနေရတာ ဖြစ်ပါတယ်။

အဲ့ဒီ ဗန်းမောက် ၊ အနောက်တော ၊ နမ့်စက် ၊ ဟုမ္မလင်း ကားလမ်းဟာ ရှမ်းနီ စာပေနဲ့ ယဥ်ကျေးမှုအဖွဲ့က ဦးဆောင်ဖောက်လုပ်ခဲ့တဲ့ တောင်ပေါ် မြေသားလမ်း မိုင် ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဟုမ္မလင်းဒေသ ကုန်စည်စီးဆင်မှု မပြတ်လပ်စေဖို့နဲ့ လျင်မြန်စေဖို့အတွက် ကောလင်း ၊ ပင်လည်ဘူး ၊ ဖောင်းပြင် ကားလမ်းပိုင်းကို အမြန်ဆုံး ပြန်လည်ဖွင့်ပေးဖို့ကိုလည်း ကားသမားနဲ့ ကုန်သည်တွေက ဆန္ဒရှိနေကြတယ်လို့ သိရပါတယ်။

Photo-ကားသမား တစ်ဦး
#voiceofmyanmar #VOM #ဗန်းမောက် #ဟုမ္မလင်း #ကားလမ်း

Related posts

Leave a Comment

VOM News

FREE
VIEW