ရွှေဘိုနဲ့ ဝက်လက်ကြားက ရွာပေါင်း ၂၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ

မေ ၊ ၁၅-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်ကြားက ကျေးရွာတွေဘက်ကို အခုလ ၁၃ ရက်ကစလို့ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ တိုးမြင့် လုပ်ဆောင်လာတဲ့အတွက် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရွှေဘိုမြို့ခံတွေဆီက သိရပါတယ်။

” ဘာကြောင့်ပြေးရတာလည်းဆိုတော့ စစ်ကြောင်းဝင်လာတယ်ကြားရင် ရွာလုံးကျွတ်ပြေးရတယ် ၊ မပြေးပဲ ရွာမှာကျန်နေခဲ့ရင် ကျန်တဲ့သူက ဒလန်ဆိုပြီး စွပ်စွဲခံရတယ် ၊ ရွာမှာက စစ်ကြောင်းလည်းကြောက်ရ ၊ PDF လည်းကြောက်ရဆိုတော့ သူများပြေးရင် ပြေးရတာပါ ” လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီလို ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာပေါင်း ၂၀ ကျော်နဲ့ ဒေသခံပြည်သူ ၉ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီရွာတွေကတော့ ရွှေဘိုမြို့နယ်ရဲ့ အရှေ့တောင်ပိုင်း ၊ ဝက်လက်မြို့နယ်အကြားမှာရှိတဲ့ ကုလားမ၊ လက်ကောက်ကျ၊ ဟင်္သာကြီး၊ မခေါက်၊ မန်ကျည်းသုံးပင်၊ ပုလဲသွယ်၊ စခန်းသာ၊ ဂွေးပင်ကုန်း၊ ရွှေကျင်၊ ရွာသစ်ကုန်း၊ ငါးပိအိုး၊ သဲကျွန်း၊ ကံကြီးတော၊ မောင်းတပ်၊ တကန်သာ၊ ကြိုးကြာ၊ ဆည်ကြီး၊ ဇောက်ညမ်းကုန်း၊ ဟံလင်းမြို့ဟောင်း စတဲ့ ကျေးရွာတွေ​​ဖြစ်ပြီး အဲ့ဒီရွာတွေဘက်ကို စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ တိုးမြင့်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

” ပစ်ခတ်တာနဲ့ ဖမ်းဆီးတာတွေရှိတော့ ပြေးကြတယ် ၊ အဲ့ဒီလို ပြေးနေရင်းနဲ့ ရွာမီးလောင်တာကို အဝေးကပဲလှမ်းမြင်နေရတယ် ၊ ဘယ်အဖွဲ့ကရှို့တယ်ဆိုတာတော့ သေခြာမသိဘူး”လို့ သဲကျွန်းရွာခံတယောက်က ပြောပါတယ်။

ဒါ့အပြင် သဲကျွန်းရွာမှာ အိမ်ခြေ ၁ ရာ ၊ ဂွေပင်ကုန်ရွာမှာ ၂ ရာနဲ့ ရွာသစ်ကုန်ရွာမှာ အိမ်ခြေ ၁ ရာ ၊ အဲ့ဒီရွာ ၃ ရွာပေါင်း အိမ်ခြေ ၄ ရာနီးပါး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပေမယ့် VOM က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

#voiceofmyanmar #VOM #စစ်ကိုင်း #ရွာပေါင်း၂၀ကျော် #ထွက်ပြေးတိမ်းရှောင်နေရ

Related posts

Leave a Comment

VOM News

FREE
VIEW