အမ်းနဲ့ မင်းပြားမှာ မြေမြုပ်မိုင်းပေါက်လို့ အမျိုးသား ၂ ဦး သေဆုံး

မေ ၁၅-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်က မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ထင်းခွေသွားတဲ့ ပန်းမြောင်းတိုက်နယ်ဒေသခံ ဦးမောင်သာထွန်း အသက် (၆၀) နှစ်ဟာ ခြေထောက်နှစ်ဖက်လုံးပြတ်ထွက်ပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါ့အပြင် အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စု ဒါးလက်မြောက်ကျေးရွာမှာ မနေ့ မေလ ၁၄ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲလောက်က သီဟို၌စိုက်ခင်းအတွင်း မြေမြုပ်မိုင်းနင်းမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံတဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ကျေးရွာတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

ဒါးလက်မြောက်ရွာအနီး မြေမြုပ်မိုင်းပေါက်ကွဲလို့ ဒေသခံတစ်ဦးသေဆုံးတာနဲ့ ပတ်သက်ပြီး ကျေးရွာတာဝန်ခံ ဦးသန်းဦးက “ ဖြစ်တာကတော့ သီဟို၌စိုက်ခင်းထဲကိုသွားပြီး သီဟို၌စေ့တွေကောက်တယ်။ ပြီးတော့ တောထဲကိုလည်း ဝမ်းစာရှာဖို့သွားရင်း နင်းမိတာပါ။ သူ့အခြေအနေကတော့ ဒဏ်ရာကအရမ်းပြင်းတော့ မနေ့က အဲဒီနေရာမှာပဲ ဆုံးသွားပါတယ်။ ညာဘက်ခြေထောက် ကြွက်သားတွေအကုန် ပဲ့ထွက်သွားတယ်။ ရင်ဘတ်မှာတော့ အပေါက်နှစ်ပေါက်ဖြစ်သွားတယ်။ ဘယ်ခြေကတော့ ခြေမျက်စိအောက်က ပြတ်ထွက်သွားတယ်” လို့ ပြောပါတယ်။

မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသူဟာ သီဟို၌စိုက်ခင်းပိုင်ရှင် ကိုယ်တိုင်ဖြစ်ပြီး ဒါးလက်မြောက်ကျေးရွာက ဦးသန်းမင်းနိုင် အသက် (၃၇) နှစ် ဖြစ်တယ်လို့ သိရပါတယ်။

အမ်းမြို့နယ်အတွင်း မြေမြုပ်မိုင်းအန္တရာယ်ကြောင့် သေဆုံးသူအများအပြားရှိခဲ့ပြီး အများစုဟာ ဒါးလက်ချောင်းအုပ်စု နဲ့ ကစုကိုင်းကျေးရွာအုပ်စုတို့က ဖြစ်ကြောင်း အမ်းမြို့နယ်အတွင်း လူမှုရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ကိုမျိုးလွင်က ပြောပါတယ်။

“ဒေသခံတွေမှာက အဲဒီဥယျာဉ်တွေကိုမသွားရင် အဓိကအသက်မွေးဝမ်းကျောင်းပြုဖို့အတွက် လုပ်ကိုင်စားသောက်ကြတဲ့ နေရာဖြစ်ပါတယ်။ ဒေသက လူတွေအတွက် အသက်သွေးကြောဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနေရာတွေမှာ မြေမြုပ်မိုင်းထောင်တာကတော့ ရွယ်ရည်ချက်ရှိရှိနဲ့ ဒေသခံတွေကို ပစ်မှတ်ထားတာလို့ မှတ်ယူနိုင်ပါတယ်။ တကယ်လို့ စစ်ရေးပဋိပက္ခဖြစ်လို့ နှစ်ဖက်လုံး လုံခြုံရေးအရဆိုရင်လည်း ပြည်သူကို ပစ်မှတ်ထား ထိခိုက်နစ်နာမှုမရှိနိုင်တဲ့ ပုံစံမျိုးဖြစ်ဖို့လိုပါတယ် ” လို့ ပြောပါတယ်။

အမ်းမြို့နယ်က ဒေသခံအများစုဟာ တောတောင်တွေကို မှီခိုလုပ်ကိုင်စားသောက်နေကြရသူတွေဖြစ်ပြီး တောတောင်ဆိုတာဟာ ဒေသခံတွေရဲ့ အသက်သွေးကြောဖြစ်တဲ့အတွက် မြေမြုပ်မိုင်းတွေကို မထောင်ကြဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

အမ်းမြို့နယ်ဟာ တောတောင်ထူထပ်တဲ့ နယ်မြေတစ်ခုဖြစ်ပြီး ရခိုင်လူမျိုးအများစုနေထိုင်ကြတဲ့အပြင် ချင်းနဲ့ ဗမာလူမျိုးတွေလည်းရှိကာ တောတောင်တွေကို မှီခိုလုပ်ကိုင်အသက်မွေးရသူတွေဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်မှာ မြေမြုပ်မိုင်းအန္တရာယ်ကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ကလည်း အမ်းမြို့နယ် ဒါးလက်အုပ်စု သင်္ဘောမှောက်ရွာအနီးက တောင်တန်းမှာ သီဟို၌စေ့ကောက်ရင်း စစ်သားတဦး ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကနေစပြီး မိုင်းပေါက်ကွဲမှု အကြိမ်ရေ ၂၀၀ ထက်မနည်းရှိနိုင်ကာ သေဆုံးသူ (၄၀) ကျော်နဲ့ ဒဏ်ရာရသူ (၉၀) ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့စာရင်းတွေအရ သိရပါတယ်။

Photo – အမ်းတောင်တန်းကို တောင်ကြားလမ်းက မြင်ရပုံ/ ပုံဟောင်း
#voiceofmyanmar #VOM #ရခိုင် #မြေမြုပ်မိုင်း #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW