ကျင်းစန်းကျော့ ကနေ တရုတ်ဘက်ထဲကို မြန်မာ ကုန်တင်ကားတွေ ဝင်ခွင့်ပြု

မေ ၁၇-၂၀၂၂
Shy V (VOM)

မြန်မာ နဲ့ တရုတ် အဓိကကုန်သွယ်ရာ မြန်မာ့အရှေ့မြောက်စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ ကျင်းစန်းကျော့ – မန့်မိုင် (ဝမ်တိန်)ဂိတ်ကနေ မနေ့မေလ ၁၆ ရက်နေ့ကစပြီး တရုတ်ဘက်ထဲကို မြန်မာကုန်တင်ကားတွေ ဝင်ခွင့်ပြုလိုက်တယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

“မနေ့က မြန်မာကုန်တွေ တင်ပို့မယ့်ကားတွေကို တရုတ်ဘက်ထဲ ဝင်ခွင့်ပြုလိုက်ပေမယ့် ဒီနေ့ မေလ ၁၇ ရက်နေ့မှ ဝင်ဖို့လုပ်နေရတယ်၊ ဒီနေ့မှ စဝင်ဖို့ ကား ၃ စီးတန်း ထားပြီ၊ မြန်မာကုန်ခြောက်ကားတွေ”လို့ ကုန်သည် ၁ ဦးက ပြောပါတယ်။

မြန်မာကားတွေ ဝင်ခွင့်ပြုလိုက်လို့ရှိရင် အဓိကပနေနဲ့ တရုတ်ကားငှားခတွေ ဈေးသက်သာ သွားမယ့်အပြင် အဝင်အထွက်တွေ လွယ်လာပြီဆိုရင် မြန်မာကုန်သည်တွေအတွက် ဈေးနှုန်းအားလုံး သက်သက်သာသာနဲ့ အဆင်ပြေသွားနိုင်ပြီလို့လည်း သူက ပြောပါတယ်။

“ဈေးနှုန်းတွေ သက်သက်သာသာ နဲ့ သွားလို့ရမယ်။ ကုန်ဈေးနှုန်းတွေ ကျသွားမယ်ပေါ့နော်။ အဲဒီလိုမျိုးတွေ ဖြစ်သွားနိုင်တယ်။”လို့ ကုန်သည် ၁ ဦးက ရှင်းပြပါတယ်။

တရုတ်ဘက်ထဲဝင်မယ့် မြန်မာကားတွေကိုတော့ ကျင်းစန်းကျော့မှာ အစားထိုး ခေါက်တိုယာဉ်မောင်း (ရှန်တိန်) နဲ့ဝင်ရပြီး ကုန်ချပြီးရင် အစားထိုးယာဉ်မောင်းနဲ့ ပြန်ထွက်လာပြီး ကျင်းစန်းကျော့ရောက်မှ မြန်မာယာဉ်မောင်းက ပြန်ချိန်းယူရတာဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာဘက်က ကားတွေကို တရုတ်ဘက်ထဲ ဝင်ခွင့်ပြုလိုက်တာကြောင့် အများကြီး လွယ်ကူသွားတယ်လို့ ကုန်တင်ယာဉ် ပိုင်ရှင် ၁ ဦးက ပြောပါတယ်။

“ခါတိုင်း ကျင်းစန်းကျော့ရောက်မှ ခေါက်တိုခက ယွမ် ၂ သောင်း ၃ သောင်း ပေးရတယ်လေ။ ဒီနေ့ဆိုရင် ခေါက်တိုခက ယွမ် ၈ ထောင်လောက်ပဲ ဖြစ်သွားပြီ။ ခေါက်တိုခ ကျသွားပြီလေနော်။” လို့ သူက ရှင်းပြပါတယ်။

နောက်ထပ် မြန်မာလုပ်ငန်းရှင်တဦးကလည်း “ပထမ အချက်တော့ ပစ္စည်း အပျက်အစီးပေါ့နော်။ နောက် တချက်တော့ ခေါက်တိုခတွေ ဘာတွေ သက်သာတာပေါ့”လို့ ပြောပါတယ်။

အဲဒီ ကျင်းစန်းကျော့ – မန့်မိုင် (ဝမ်တိန်) နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်ကို တရုတ်ဘက်က ကိုဗစ်အကြောင်းပြချက်နဲ့ ၂၀၂၁ ဇူလိုင်လ ကတည်းက ယာယီပိတ်ခဲ့ပြီး နှစ်ကုန်ပိုင်းမှ ပြန်လည် ဖွင့်လှစ်ခဲ့ပေမယ့် မြန်မာဘက်က ကားတွေနဲ့ ဝင်လိုမရဘဲ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ဖို့ တရုတ် ခေါက်တိုငှားခဲ့ကြရတာဖြစ်ပါတယ်။

Photo-ကုန်သည် ၁ ဦး
#voiceofmyanmar #VOM #ကျင်းစန်းကျော့ #တရုတ်ဘက်ထဲကို #မြန်မာကုန်တင်ကားတွေ #ဝင်ခွင့်ပြု

Related posts

Leave a Comment

VOM News

FREE
VIEW