ချင်းတွင်းမြစ်ကြောင်းမှာ ကုန်တင်ရေယာဥ်တွေ ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် များပြားလာ

မေ ၊ ၁၇-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ချစ်တွင်းမြစ်ကြောင်းတလျှောက်မှာ အခုလပိုင်းအတွင်း ကုန်တင်ရေယာဉ်တွေ ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် ပိုများလာတယ်လို့ ရေယာဉ်လုပ်ငန်းလုပ်က်ုင်သူတွေဆီက သိရပါတယ်။

မနေ့ မေလ ၁၆ရက်က စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့ ၊ ဖောင်းပြင်ဆိပ်ကမ်းကနေ မော်လိုက်မြို့ဘက်ကို ချင်းတွင်းမြစ်ကြောင်းအတိုင်း မောင်းလာတဲ့ ကုန်တင်ရေယာဥ်တစီးကို ယုဝမြစ်ဆုံအနီးဝန်းကျင်နေရာမှာ ဓားပြတိုက်ပြန်ပေးဆွဲခံလိုက်ရတယ်လို့ မော်လိုက်ခရိုင် ပုဂ္ဂလိကရေယာဥ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (ရစက) ဆီက သိရပါတယ်။

” ကုန်တင်ရေယာဥ် ၁ စီး ဓားပြတိုက် ပြန်ပေးဆွဲခံထားရတယ်လို့ မနေ့က အကြောင်းကြားလာလို့ သိရတာပါ ၊ ရေယာဥ်က မော်လိုက်က ရေယာဥ်ဖြစ်တယ် ၊ ၁၄ ရက်က ဖောင်းပြင်ကနေ စုန်လာရင်း ပျောက်နေတာ ” လို့ ရစက အဖွဲ့ဝင်တယောက်က ပြောပါတယ်။

​မေလ ၁၄ ရက်နေ့က မောလိုက်မြို့၊ ညောင်ပင်သာရပ်ကွက်နေ ၊ ရေယာဥ်ပိုင်ရှင်ဖြစ်သူ ဦးအောင်နိုင်ဦး ခေါ် ဦးမောင်မောင် ဆိုသူဟာ သူ့ရဲ့ ရေယာဥ်လုပ်သား ဦးရွှေမောင် နဲ့ ဦးသန်းထွန်းအောင်တို့နဲ့အတူ ဖောင်းပြင်မြို့ကနေ မော်လိုက်မြို့ဘက်ကို ပြန်လာချိန် ယုဝ မြစ်ဆုံနေရာအရောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ရဲ့ ဓားပြတိုက် ပြန်ပေးဆွဲခံရတာလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

” မော်တော်နဲ့ မော်တော်လုပ်သား ၂ ယောက်ကို သူတို့က ဖမ်းဆီးထားပြီး ၊ မော်တော်ပိုင်ရှင် ဦးအောင်နိုင်ဦး ကို ပြန်လွတ်လိုက်တယ် ၊ ဘာတွေပါသွားသလဲဆိုတော့ မော်တော် ၁ စီးလုံးပါသွားတာပါ ၊ ဘာတခုမှ ပြန်မရသေးဘူး ” လို့ မော်တော်ပိုင်ရှင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဒီ မော်တော်ဓားပြတိုက် ပြန်ပေးဆွဲခံထားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ မော်လိုက်ခရိုင်ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူနိုင်ဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၊ မော်လိုက်မြို့နယ် ၊ ရိုးလာဒေသမှာ မေ ၁၅ ရက် ၊ နေ့ခင်းပိုင်းက ကုန်တင်ကားပိုင်တယောက် အသတ်ခံရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” အသတ်ခံရတဲ့သူက တိန်းသာကျေးရွာက ကားပိုင် ဦးမိုးကျော်ဖြစ်တယ် ၊ သူပိုင်တဲ့ ၆ ဘီးကားကို ကိုမောင်ရ ဆိုတဲ့သူက မောင်းတာပါ ၊ နေ့ခင်းပိုင်း ၂ နာရီမှာ ရွာကနေ ကိုမောင်ရက ကားမောင်းသွားတဲ့အခါ ဆက်ကြေးကောက်တဲ့အဖွဲ့က ကိုမောင်ရကိုဖမ်းထားပြီး ကားပိုင်ရှင် ဦးမိုးကျော်ကိုဖုန်းဆက်ခေါ်ခိုင်းတယ် ၊ရွာကနေ ဦးမိုးကျော်က ကားဆီလိုက်လာတဲ့အခါ ဆက်ကြေးတောင်းတယ် ၊ ဦးမိုးကျော်က မပေးနိုင်သေးဘူးဆိုတော့ သူ့ကိုယ် ဒလန်လို့ စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်လိုက်တာပါ ၊ ကားနဲ့ကားသမားကိုလည်း အခုထိ ဖမ်းထားဆဲပါ” လို့ သေဆုံးသူ ဦးမိုးကျော်ရဲ့ မိတ်ဆွေတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကနေစလို့ မော်လိုက်မြို့နယ်နဲ့ ဖောင်းပြင်မြို့နယ်ထဲက ရေယာဥ်ပိုင်ရှင်တွေ ၊ ဆန်စက်ပိုင်တွေ ၊ ကားပိုင်တွေနဲ့ ကုန်သည်ပွဲစားတွေဟာ ဆက်ကြေးကောက်ခံရတာ ၊ ဓားပြတိုက်ခံရတာနဲ့ ပြန်ပေးဆွဲ သတ်ဖြတ်ခံရတာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ချင်းတွင်းမြစ်ကြောင်း #ကုန်တင်ရေယာဉ် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW