ရုရှားစစ်အခြေစိုက်စခန်းနဲ့ မိုင် ၄၀ အကွာမှာ နေတိုးအဖွဲ့ အကြီးစားစစ်ရေးလေ့ကျင့်နေ

ဘရပ်ဆယ်၊ မေ-၁၇-၂၀၂၂
မျိုးဆက်(VOM)

မြောက်အန္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)ဟာ သူ့ရဲ့အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတွေထဲက တခုကို ဘောလ်တစ်ဒေသမှာ ပြုလုပ်နေပါတယ်။

Hedgehog လို့အမည်ပေးထားတဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ နေတိုးအဖွဲ့ကို၀င်ဖို့ လာမယ့်ရက်ပိုင်းအတွင်း တရား၀င်လျှောက်ထားမယ့် ဖင်လန်နဲ့ဆွီဒင်တို့အပါအ၀င် နိုင်ငံပေါင်း ၁၀ နိုင်ငံပါ၀င်ပါတယ်။

အက်စတိုးနီးယားနိုင်ငံမှာ ဇွန် ၃ ရက်ထိပြုလုပ်မယ့် အဲဒီစစ်ရေးလေ့ကျင့်မှုကို ယူကရိန်းကို ရုရှားက မကျူးကျော်ခင်ကတည်းက စီစဉ်ခဲ့တာဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်မှုကို ရုရှားရဲ့ အနီးဆုံးစစ်အခြေစိုက်စခန်းကနေ မိုင် ၄၀ အကွာမှာပြုလုပ်နေတာဖြစ်ပြီး တပ်ဖွဲ့၀င်တွေရဲ့ စစ်ရေးအဆင်သင့်ဖြစ်မှုနဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ဖြစ်ကြောင်း နေတိုးအဖွဲ့ကပြောပါတယ်။

ဖင်လန် သို့မဟုတ် ဆွီဒင်အနေနဲ့ နေတိုးအဖွဲ့ထဲ၀င်တာဟာ ရုရှားအတွက်ပြသနာမရှိပေမယ့် နယ်စပ်အနီးမှာ စစ်ရေးတိုးချဲ့လာမယ်ဆိုရင်တော့ တုံ့ပြန်သွားမယ်လို့ ရုရှားသမ္မတ ပူတင်က သတိပေးပြောဆိုပါတယ်။

ဖင်လန်ကတော့ နေတိုးအဖွဲ့ထဲကို၀င်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကြေညာခဲ့ပြီး ဆွီဒင်ကလည်း အလားတူလုပ်မယ်လို့ မေ ၁၆ ရက်မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

Ref: BBC
Photo:EVN
#voiceofmyanmar #VOM #ဘရပ်ဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW