ဒေါက်တာအေးဇံ ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်ခံရ

မေ ၁၆-၂၀၂၂
KK(VOM)

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ ကို ဒီကနေ့ နေ့လယ်ပိုင်းက အဂတိပုဒ်မနဲ့တရားစွဲဆိုထားတဲ့ အမှု(၉)ခုအတွက် ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်ခဲ့တယ်လို့ အကျဥ်းဦးစီးဌာနကနေ သိရပါတယ်။

ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံ ကို ဒီကနေ့ နေ့လယ်ပိုင်းက ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးကနေ အဂတိအမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

” အဂတိအမှု ၆ မှုအတွက်က ထောင်ဒဏ် ၁၂ နှစ်၊ အဂတိအမှု ၃ မှုအတွက် ထောင်ဒဏ် ၉ နှစ် အားလုံးပေါင်း ထောင်ဒဏ် ၂၁ နှစ်ချလိုက်တာပါ”လို့ သူကပြောပါတယ်။

ဒေါက်တာအေးဇံကို အဂတိပုဒ်မ ၅၅ နဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၇ ရက်က မွန်ပြည်နယ် တရားလွှတ်တော်မှာ တရားစွဲဆိုတင်ပို့ခဲ့ပြီး ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁ မှ ၉/၂၀၂၁ အထိ အမှု ၉ မှုနဲ့ လက်ခံစစ်ဆေးခဲ့တာဖြစ်ပါတယ်။

လက်တလောမှာ ဒေါက်တာအေးဇံဟာ အဂတိအမှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ချမှတ်ခံထားရတဲ့ ပုဒ်မ ၅၀၅(ခ)အတွက် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ထိ အမိန့်ချမှတ်ခံထားရတယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။

ဒါ့အပြင် ထပ်မံတရားစွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအမှုတွေဖြစ်တဲ့ ပုဒ်မ ၁၃၀(က)
တစ်မှုနဲ့ပုဒ်မ ၁၇ ၁(စ)အမှုတို့ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်ကလည်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ဇနီးဖြစ်သူဒေါ်ခင်အေးမူနဲ့သားဖြစ်သူ နေဖြိုးဇံတို့ကို စစ်တပ်ကဖမ်းဆီးခဲ့တာလည်းရှိပါတယ်။

#voiceofmyanmar #VOM #ဒေါက်တာအေးဇံ #ထောင်ဒဏ်ထပ်ချ

Related posts

Leave a Comment

VOM News

FREE
VIEW