ကလေးမြို့နယ်က စစ်ရှောင် လူနေအိမ်တွေပေါ်ကို သစ်ကိုင်းကျိုးကျလို့ လူ ၁ ဦးသေ ၊ ၁ ဦးဒဏ်ရာရ

မေ ၊ ၁၈-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် တောင်ပိုင်း ၊ နတ်ချောင်းရွာက လူတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ယာယီ တိုက်ပွဲရှောင်စခန်းက လူနေတဲတွေပေါ်ကို မနေ့ မေလ ၁၇ရက် ညနေပိုင်းက လေပြင်းတိုက်ခိုက်ပြီး သစ်ကိုင်းတွေကျိုးကျတဲ့အတွက် တဲထဲမှာရှိနေတဲ့ လူတချို့ သေဆုံးဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ နယ်ခံပရဟိတသမားတွေဆီက သိရပါတယ်။

” တဲပေါ်သစ်ကိုင်းပိပြီး သေဆုံးသွားရသူက နတ်ချောင်းရွာဘက်က တိုက်ပွဲရှောင် မယုလှိုင်သင်း အသက် ၁၄ နှစ်ဖြစ်တယ် ၊ သူတို့ ညီမ ၂ ယောက်စလုံး သစ်ကိုင်းပိတာပါ ၊ အစ်မဖြစ်သူက ဒဏ်ရာရတယ် ” လို့ နယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

သစ်ကိုင်းပိတဲ့လူနာဟာ အသက်မှီနိုင်တဲ့ အခြေအနေမှာ ရှိခဲ့ပေမယ့် အဲ့ဒီယာယီတိုက်ပွဲရှောင်စခန်းမှာက ဆေးဝါးမလုံလောက်တာနဲ့ လူမှုကူညီရေး ၊ လူနာတင်ယာဥ်ခေါ်ယူဖို့ အခက်အခဲတွေရှိတဲ့အတွက် အခုလို သေဆုံးသွားရတာဖြစ်တယ်လို့ သိရပါတယ်။

မနေ့က ညနေပိုင်း ၂ နာရီဝန်းကျင်က ကလေးမြို့နယ်မှာ ရုတ်တရက် လေပြင်းတိုက်ခိုက်ပြီး ယာယီ တိုက်ပွဲရှောင်စခန်းက လူနေတဲ ၁၀ လုံးထက်မမနည်း ပျက်စီးသွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဧပြီ ၂၇ ရက် မနက်အစောပိုင်းကလည်း ကလေးမြို့နယ်တောင်ပိုင်း၊ ဒိုးနွယ်ရွာအနီးက မြစ်သာမြစ်ကူး ယာယီဝါးတံတား ကျိုးကျခဲ့တဲ့အတွက် တိုက်ပွဲရှောင်ဖို့သွားလာတဲ့ လူအုပ်ထဲက ကလေးငယ် ၃ ယောက်အပါအဝင် လူ ၇ ယောက်ထက်မနည်း မြစ်ထဲပြုတ်ကျပြီး ရေနစ်သေဆုံးတာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကလေး #တိုက်ပွဲရှောင် #သစ်ပင်ပိသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW