စစ်ကိုင်းတိုင်းမှာ တိုက်ပွဲရှောင်ရတာအပြင် စိုက်ပျိုးစရိတ်မြင့်လို့ မိုးကောင်းပေမယ့် တောင်သူတွေ မစိုက်ပျိုးနိုင်

မေ ၊ ၁၈-၂၀၂၂
SP (VOM)

နှစ်စဥ် ပုံမှန်မိုးရွာသွန်းရက်တွေထက် အချိန်စောပြီး ဒီနှစ်မှာ မိုးကောင်းခဲ့ပေမယ့် စစ်ကိုင်းတိုင်းထဲက တောင်သူအများစုဟာ ရွာတွေကိုစွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် အခုနှစ် မိုးသီးနှံတွေ စိုက်ပျိုးဖို့ အချိန်မရကြဘူးလို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

” ဒီနှစ်က မိုးသီးနှံစိုက်ပျိုးဖို့ လုံးဝအဆင်မပြေရတဲ့ အကြောင်းအရာ ၃ ခုရှိတယ် ၊ ပထမအချက်ကတော့ ရွာတွေဘက်ကို စစ်ကြောင်းတွေ မကြာခဏ ဝင်လာတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်၊ ဒုတိယအချက်က နေအိမ်တွေ မီးရှို့ခံရတဲ့အတွက် လယ်ယာလုပ်ငန်းသုံး ပစ္စည်းတွေဖြစ်တဲ့ ထွန်စက် ၊ ရိတ်သိမ်း ခြွေလေ့စက် ၊ မျိုးသီးနှံတွေ မရှိကြတော့ဘူး ၊ တတိယအနေနဲ့ စက်သုံးဆီ စျေးနူန်းမြင့်မားနေမှုနဲ့ ဓာတ်မြေဩဇာ မြေဆီ စျေးနူန်း ၂ ဆတက်နေတဲ့ အတွက်ကြောင့်ဖြစ်တယ်”လို့ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်က ဒေသခံတောင်သူတဦးက ပြောပါတယ်။

အဲ့ဒါကြောင့် တောင်သူလုပ်ငန်းခွင်မှာ မရှိမဖြစ် အသုံးပြုနေရတဲ့ စက်သုံးဆီနဲ့ မြေဆီ အခက်အခဲကို ပြေလည်အောင်လုပ်ပေးဖို့ ဘာတွေအစီအစဥ်ရှိသလဲလို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို မေးမြန်းကြည့်တဲ့အခါ ” တိုင်းဒေသကြီး စီးပွားရေးရဲ့ ၃၀ ရာခိုင်နှုန်းကျော်ဟာ စိုက်ပျိုးရေး အပေါ်မှီခိုနေရတယ် ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ စုစုပေါင်းမြေရိယာ ဧက ၂၃၁ သိန်းကျော်ရှိတဲ့အနက် အသားတင်စိုက်ပျိုးမြေ ၄၅ ဒသမ.၆ သိန်းကျော်ရှိပြီး သီးထပ်၊သီးညှပ် ဧက သိန်း ၉၀ ခန့် စိုက်ပျိုးထားရှိတယ် ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက မြေပြင်အခြေအနေကတော့ အခုလ ၃ ရက်နေ့က စလို့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်တာတွေ အရှိန်တိုးမြင့်လာပြီး ကျေးရွာတွေနားမှာ တိုက်ပွဲဖြစ်တာ ၊ မသင်္ကာတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ရှိလာတဲ့အတွက် ဒေသခံတောင်သူတွေဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

” ရွာဘက်ကို စစ်ကြောင်းဝင်လာတယ် ၊ ပြေး.. ပြေးဆိုတော့ အများနည်းတူ ပြေးရတယ် ၊ သူများတွေ ပြေးကြလို့မှ မပြေးဘဲ ရွာမှာကျန်နေခဲ့ရင် ကျန်နေတဲ့သူက ဒလန်ဆိုပြီး စွပ်စွဲသတ်ဖြတ်ခံရမှာ ကြောက်ရပြန်တယ် ၊ ပြေးပြန်ရင်လည်း PDF၊ မပြေးပြန်ရင်လည်း ဒလန် ၊ ရွာမှာက၂ ဘက်စလုံးကို ကြောက်နေရတာပါ ” လို့ ရွှေဘိုခရိုင်အတွင်းရှိ ပြည်သူတယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ခရိုင် ၁၁ ခုရှိတဲ့အနက် ၊ စစ်ကိုင်း ၊ မုံရွာ ၊ ယင်းမာပင် ၊ ရွှေဘို ၊ ကန့်ဘလူ ၊ ကောလင်း ၊ ကလေး စတဲ့ ခရိုင် ၆ ခုက ကျေးရွာတွေမှာ လက်တလော စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကို ကြည်း ရေ လေ ကနေ တိုးမြင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းက ကျေးရွာပေါင်း ၅ ထောင်ကျော်အနက် ကျေးရွာပေါင်း ၃ ပုံ ၊ ၁ ပုံက တောင်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် မိုးသီးနှံတွေ စိုက်ပျိုးဖို့ အခက်တွေ့နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် မနှစ်က ထွန်ယက်စိုက်ပျိုးရာသီမှာ ရေနံ ၁ ပေပါ ၂ သိန်းဝန်းကျင် ရှိခဲ့တာဖြစ်ပေမယ့် ၊ ဒီနှစ်မှာတော့ ရေနံ ၁ ပေပါ ၅ သိန်းဝန်းကျင်ဖြစ်နေပြီး မနှစ်က မြေဆီ ၁ အိတ်ကို ၅ သောင်းကျပ်ကနေ ဒီနှစ်မှာ ၁ သိန်းဝန်းကျင်ဖြစ်နေတဲ့အတွက် မိုးသီးနှံတွေ စိုက်ပျိုးဖို့ အခက်တွေ့နေရတာဖြစ်ပါတယ်။

ဒါ့အပြင် လယ်ယာလုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်ဖို့အတွက် မျိုးသီးနှံတွေအပါအဝင် လယ်ယာလုပ်ငန်းသုံး ပစ္စည်းတွေ မီးလောင်ဆုံးရှုံးထားတာကြောင့် ရာသီမှီ စိုက်ပျိုးနိုင်ဖို့ တောင်သူတွေ အခက်တွေ့နေရတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #တိုက်ပွဲ #စိုက်ပျိုးစရိတ် #တောင်သူ

Related posts

Leave a Comment

VOM News

FREE
VIEW