သန်လျင်မှာ ဆိုင်ကယ်စီးခွင့် ယာယီပိတ်လိုက်လို့ ဒေသခံတွေ အခက်အခဲဖြစ်နေ

မေ ၁၈-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်မှာ ဆိုင်ကယ်စီးခွင့်ကို ဒီကနေ့စပြီး ယာယီတားမြစ်ပိတ်ပင်လိုက်လို့ သွားလာရေးအတွက် အခက်အခဲဖြစ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆိုင်ကယ်စီးခွင့်ကို ဒီကနေ့ မေလ ၁၈ရက်ကနေ မေလ ၂၂ ရက်အထိ (၅)ရက်အကြာ ပိတ်ထားတာဖြစ်ပြီး အရေးပေါ်သွားလာစရာရှိပါက ကားနဲ့သွားလာရမယ်လို့ ရပ်ကွက်အချို့မှာ လိုက်လံကြေညာနေတယ်လို့ အောင်မင်္ဂလာရပ်ကွက်နေသူတဦးက ပြောပါတယ်။

“အရင်က ဘယ်သွားသွားဆိုင်ကယ်နဲ့ပဲသွားတာ အခု အလုပ်သွားရင်တောင် အဆင်မပြေတော့ဘူး၊ လမ်းလျှောက်သွားရတယ်၊ ရေရှည်ဆိုရင်တော့ အဆင်မပြေဘူး”လို့ သူကပြောပါတယ်။

သန်လျင်မြို့နယ်မှာ အခြေခံလူတန်းစားအများစုနေထိုင်တဲ့အတွက် ဆိုင်ကယ်ကယ်ရီမောင်းပြီး အသက်မွေးဝမ်းကြောင်းပြုသူတွေလည်း အခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ မြို့ဟောင်းစျေးမှာကယ်ရီဆွဲတဲ့ ကယ်ရီသမားတဦးက ပြောပါတယ်။

“၅ရက်လုံး ကျနော်တို့က အငတ်နေရမယ့်ပုံစံ၊ အခုတားမြစ်ချက်တဲ့၊ အဆင်မပြေဘူးဗျာ လက်လုပ်လက်စားတွေအတွက် စဥ်းစားပြီးမှလုပ်တာကောင်းတယ်”လို့ သူကပြောပါတယ်။

ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးပိုင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးရုံးက ဖုန်းမက်ဆေ့ပို့ကာ အသိပေးအကြောင်းကြားပြီး ရပ်ကွက်နဲ့ကျေးရွာတွေကို လိုက်လံကြေညာခိုင်းတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးကပြောပါတယ်။

ဒီလိုဆိုင်ကယ်စီးခွင့်ကို ၅ရက်တာ ပိတ်ပင်တာနဲ့ပတ်သက်ပြီး မြို့ခံတဦးက”အခုရက်ပိုင်းအတွင်း သန်လျင်မှာ ဆိုင်ကယ်နဲ့လူသတ်မှုတွေဖြစ်တယ် ဒါကြောင့်များလားမသိဘူး”လို့ သူရဲ့အမြင်ကိုပြောပြပါတယ်။

အခုလို ၅ရက်တာ ဆိုင်ကယ်စီးခွင့်ပိတ်ပင်တာဟာ သန်လျင်ရေတပ်ဌာနချုပ်ကို စစ်တပ်က အကြီးအ
ကဲတွေ လာရောက်မှာဖြစ်လို့ ပိတ်ပင်ထားတာလည်းဖြစ်နိူင်တယ်လို့ သုံးသပ်သူအချို့လည်းရှိပါတယ်။

သန်လျင်မြို့နယ်မှာ ရပ်ကွက်ပေါင်း ၁၇ ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စု ၂၈စု ရှိကာ ကျေးရွာပေါင်း၅၇ ရွာနဲ့ လူဦးရေနှစ်သိန်းကျော်နေထိုင်တဲ့မြို့နယ်လည်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းက မြို့နယ်ပေါင်း ၄၅ မြို့နယ်မှာမော်တော်ဆိုင်ကယ် စီးခွင့်ပြုထားတဲ့ မြို့နယ် ၁၄ မြို့နယ်ထဲမှာ သန်လျှင်မြို့နယ်လည်းပါဝင်တာဖြစ်ပါတယ်။

မော်တော်ဆိုင်ကယ် တရားဝင်စီးခွင့်ပြုထားတဲ့ မြို့တွေကတော့ မှော်ဘီ၊တိုက်ကြီး၊လှည်းကူး၊ထန်းတပင်၊သန်လျင်၊သုံးခွ၊တွံတေး၊ကော့မှူး၊ကွမ်းခြံကုန်း၊ဒလ၊ဆိပ်ကြီးခနောင်တို၊ကျောက်တန်း ကိုးကိုးကျွန်းစတဲ့ မြို့နယ်တွေပဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #သန်လျင် #ဆိုင်ကယ်စီးခွင့် #ယာယီပိတ်ပင်

Related posts

Leave a Comment

VOM News

FREE
VIEW