စစ်ကိုင်းတိုင်းရှိ နယ်မြေမတည်ငြိမ်တဲ့ဒေသက တောင်သူတွေ သီးနှံရိတ်သိမ်းပြီးပေမယ့် သွားရောင်းဖို့အခက်ခဲရှိနေ

မေ ၊ ၂၀-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ပဲစိုက်တောင်သူတွေဟာ သီးနှံတွေ ရိတ်သိမ်းပြီးတာ ၂ လကျော်ရှိနေပြီး တိုက်ပွဲတွေဖြစ်တာနဲ့ လမ်းတွေပိတ်ထားတဲ့အတွက် ရိတ်သိမ်းသီးနှံတွေ စျေးကွက်ထဲအရောက်သွားဖို့ အခက်တွေ့နေရတယ်လို့ ကလေးဒေသခံ ပဲစိုက်တောင်သူတွေဆီက သိရပါတယ်။

” ကလေးမြို့နယ်တောင်ပိုင်း ထောက်ကြံ့ရွာကနေ ဂန့်ဂေါ-ဟားခါး-ကလေး လမ်းခွဲအထိ လမ်းတွေပိတ်ထားတယ် သွားလာလို့ မရဘူး ၊ လမ်းပိတ်တာက တိုက်ပွဲတွေကြောင့်ဖြစ်တယ် ၊ မတ်လထဲက ပဲတွေရိတ်သိမ်းထားပြီးပြီ ၊ မီးရေးထင်းရေး စိုးရိမ်ရတဲ့အတွက် စျေးကွက်ကို အရောက်ပို့ချင်ပေမယ့် လမ်းတွေပိတ်ထားတဲ့အတွက် အခက်အခဲဖြစ်နေရတာ၊ နှစ်တိုင်းကတော့ ပွဲစားတွေ ရွာအရောက် ဆင်းလာပြီး ရာသီပေါ်သီးနှံတွေ ဝယ်တယ် ၊ ဒီနှစ်မှာက တိုက်ပွဲတွေကြောင့် အဲ့ဒီလို ရွာတွေကို ဆင်းပြီးဝယ်တာ မရှိတော့ဘူး ၊ မကြာခင် ကျောင်းတွေပြန်ဖွင့်တော့မှာမို့ ၊ ရိတ်သိမ်းပြီးသား ပဲတွေ စျေးကွက်ထဲ အမြန်ရောက်ပြီး မြန်မြန် ငွေပေါ်ခြင်တယ်”လို့ ကလေးမြို့နယ် ဒိုးနွယ်ကျေးရွာခံ ပဲစိုက်တောင်သူတယောက်က ပြောပါတယ်။

အဲ့ဒီလို အခက်အခဲကြောင့် ရိတ်သိမ်းပြီးတဲ့ ပဲတွေဟာ စျေးကွက်ကို အချိန်မီမရောက်မှာကို တောင်သူတွေ စိုးရိမ်နေမှုအပေါ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေနဲ့ ဘာတွေများ ဖြည့်ဆီး လုပ်ဆောင်ပေးနိုင်တာ ရှိပါသလဲလို့ VOM က ဆက်သွယ်မေးမြန်းတဲ့အခါ ” စစ်ကိုင်းတိုင်းရဲ့ စီးပွားရေးကဏ္ဍကို ပဲမျိုးစုံစိုက်ပျိုးခြင်းနဲ့ အဓိက ဝင်ငွေတိုးအောင် လုပ်ဆောင်ပေးတဲ့ အထဲမှာ ကလေးမြို့နယ် တခုလည်း အပါအဝင်ဖြစ်တယ် ၊ တိုင်းဒေသကြီးရဲ့ အဓိက စီးပွားရေး ကဏ္ဍမှာ စိုက်ပျိုးရေးက ၃၀ ရာခိုင်နူန်းပါဝင်တယ် ၊ အဲ့ဒါကြောင့် တောင်သူတွေ ဆုံးရှုံးနစ်နာမှု မရှိအောင် အမြန်ဆုံး စီစဥ်လုပ်ဆောင်နေပါတယ် ” လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကလေးမြို့နယ် တောင်ပိုင်းနဲ့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းကြားက ထိုမာ ၊ ထောက်ကြံ့ ၊ နတ်ချောင်း ၊ နတ်မြောင်း ၊ ချောင်းခွ ၊ အင်းတင် ၊ သံဖို ၊ မြောက်စည်း ၊ စည်းဟောင် ၊ အရှေ့စည်း ၊ ဒိုးနွယ် ၊ တင်းသား ၊ ခုံသာ ၊ ကုက္ကို ၊ လယ်ကြား ၊ ရှားတော စတဲ့ ကျေးရွာတွေက ပဲစိုက်တောင်သူတွေဟာ သူ့တို့ ရိတ်သိမ်းပြီး ပဲတွေကို စျေးကွက်ကို အချိန်မီရောက်ဖို့ အခက်တွေ့နေရတာဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ ကျေးရွာတွေဘက်မှာ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာကစလို့ တိုက်ပွဲငယ်တွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အခု မေလ ၃ ရက်ကစလို့ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်တာတွေ အရှိန်တိုးမြင့်လာတဲ့အတွက် လမ်းပိတ်တာတွေ ၊ ရွာတချို့ မီးလောင်တာတွေ အပြင် ဒေသခံတွေ တိုက်ပွဲရှောင်နေကြရတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #တောင်သူ #အခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW