နွားထိုးကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်ရဲ့နေအိမ် မီးရှို့ခံရတယ်လို့ သိရ

မေ ၁၉-၂၀၂၂
GG(VOM)

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ နွားထိုးကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်ရဲ့နေအိမ် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မီးလောင်တဲ့အချိန် မီးသတ်ကားလာပြီးငြှိမ်းတာလည်းမရှိဘူး။ မီးကသူ့ဘာသာပဲ ငြိမ်းသွားတာ။ မီးက ရှို့ခံရတာလို့ကြားတယ်။ ကားနဲ့လာပြီး ရှို့တာလို့လည်းသတင်းက ကြားတယ်။ ဘယ်သူတွေလုပ်တာလဲတော့ သေချာ မသိဘူး၊ မနက်မိုးလင်းမှ သတင်းကကြားရတာ။” လို့ နွားထိုးကြီးဒေသခံတဦးကပြောပါတယ်။

မီးလောင်မှုကြောင့် နေအိမ်မှာ အကြီးအမားထိခိုက်တာမျိုးမရှိခဲ့ပေမယ့် နေအိမ်ဘေးက ပန်းတိမ်ဖိုသာ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

နွားထိုးကြီးမြို့ခံတဦးကလည်း “၁၇ ရက်နေ့ ည ၁၂ နာရီကျော်ကျော်လောက်မှာမီးလောင်တာလို့ သိရတယ်။အိမ်ကတော့ ဘာမှမဖြစ်ပေမယ့် နောက်ဖေးက ပန်းတိမ်ဖိုမီးလောင်တယ်။ဘေးအိမ်က မီးဖိုဆောင်ကိုမီးနည်းနည်းဟပ်တယ်လို့သိရတယ်။ဘယ်ကဘယ်လိုစလောင်လဲဆိုတာတော့သေချာမသိပါဘူး ” လို့ ပြောပါတယ်။

ဦးနိုင်ထူးအောင် ရဲ့နေအိမ်မှာ အရင်ရက်တွေကတော့ စျေးရောင်းချနေသူတချို့ကိုတွေ့ရှိရပြီး မိသားစုဝင်တွေ နေထိုင်ခြင်း ဟုတ်၊မဟုတ်ကိုတော့ အတိအကျ မသိရဘူးလို့ သိရပါတယ်။

လက်ရှိမှာ ဦးနိုင်ထူးအောင်ကတော့ NUGရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာ အတွင်းဝန်အဖြစ် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နွားထိုးကြီး #ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် #ဦးနိုင်ထူးအောင်နေအိမ် #မီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW