ပေါက်မြို့နယ် မီးသတ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄ ဦး အဖမ်းခံရ

မေ ၊၂၀-၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်မှာရှိတဲ့ ပေါက်မြို့နယ် မီးသတ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄ ဦးကို ဒီကနေ့ မနက် ၆ နာရီဝန်းကျင်က စစ်သားနဲ့ ရဲတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ မီးသတ်အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဒီမနက်ပိုင်းက ရုံးကိုလာဖမ်းသွားတာပါ ၊ ဘာကြောင့် ဖမ်းရတယ်ဆိုတာ မေးလို့မရဘူး ၊ ဘယ်မှာ ချုပ်နှောင်ထားတယ်ဆိုတာ အခု နေ့ခင်းပိုင်းအထိ မသိရသေးဘူး ၊ မိသားစုတွေက လိုက်လံ ဆက်သွယ်နေပေမယ့် အခုထိတော့ ဆက်သွယ်မရလို့ စိတ်ပူနေကြတယ် ” လို့ မီးသတ်အသိုင်းအဝိုင်းက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးကတော့ ဒုတက ဟိန်းချစ်အောင် ၊ တသ စည်သူကျော် ၊ တက ရဲဝင့်ကိုကို၊ ဒုတပ်ကြပ် သန့်ဇင်ဖြိုး တို့ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ရှိသူတဦးက ” မီးသတ်တပ်ဖွဲ့ဝင် ၄ ယောက်ကို ဒီမနက် ဖမ်းထားတာပါတယ် ၊ အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းလို့ ဖမ်းဆီး အရေးယူထားတာပါ ၊ ကောင်းမွန်စွာ ရှိပါတယ် “လို့ ပြောပါတယ်။

ပခုက္ကူခရိုင်မှာ မြို့နယ်မီးသတ်ဦးစီးဌာန ၅ ခုရှိတဲ့အနက် ပေါက်မြို့နယ် မီးသတ်ဦးစီးဌာနက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတဲ့ အခုဖြစ်စဥ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အရင်ကတော့ ကျေးရွာတချို့က အရန်မီးသတ်တပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံရတာတော့ ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပေါက် #မီးသတ်သမား၄ဦး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW