မွန်ပြည်နယ်က မြို့နယ်အချို့မှာ မိုးရွာလေပြင်းတိုက်လို့ နေအိမ်၊သစ်ပင်နဲ့ဓာတ်တိုင်တွေ ပြိုကျပျက်စီး

မေ ၂၀-၂၀၂၂
KK(VOM)

မွန်ပြည်နယ်က မြို့နယ်အချို့မှာ ဒီကနေ့ မနက် ၁၀ နာရီခွဲက မိုးရွာပြီး လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်တွေ၊ သစ်ပင်တွေနဲ့ဓာတ်တိုင်တွေပြိုလဲကာ ဒေသခံတွေ ဘေးလွှတ်ရာကို ရှောင်တိမ်းနေရတယ်လို့ အဲ့ဒီပါမြိုနယ်တွေဆီက သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက စတင်မိုးရွာခဲ့ပြီး လေပြင်းပါ တိုက်ခဲ့လို့ မော်လမြိုင် ၊ပေါင်၊ဇင်းကျိုက်၊ သံဖြူဇရပ်မြို့နယ်တွေမှာ အိမ်ပြိုကျတာတွေ သစ်ပင်တွေပြိုလဲတာတွေအပြင် ဓာတ်တိုင်တွေပါလဲကျကာ ပြည်သူတွေ ဘေးလွှတ်ရာကို ရှောင်တိမ်းနေရတယ်လို့ ပရဟိတအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“မော်လမြိုင်မှာဆို အခုချိန်ထိကို လုံးဝမရပ်သေးဘူး တစ်မြို့လုံးလိုလိုပဲ၊ သာယာအေးဘက်တို့ ဇေယျာသီရီတို့ မြိုင်သာယာဘက်တို့ ပိုဆိုးတယ်၊ အခုလည်း အပြင်ထွက်လို့မရဘူး “လို့ သူကပြောပါတယ်။

ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးတွေပြိုလဲကာ နေအိမ်တွေ ဆိုင်ခန်းတွေပါ ပျက်စီးမှုတွေရှိတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“သစ်ပင်ကြီးတွေ အမြစ်ကျွတ်ထွက်ပြီး နေအိမ်အပေါ်ပိတာ၊ နေအိမ်တွေရော ဆိုင်ခန်းတွေရော ပြိုကုန်တယ်၊ လူသေပျောက်တော့ မရှိသေးဘူး”လို့ သူပြောပါတယ်။

သံဖြူဇရပ်မြို့နယ်က ကျေးရွာအချို့မှာလည်း မိုးရွာသွန်းပြီး သစ်ပင်လဲကျလို့ မီးသတ်တပ်ဖွဲ့တွေနဲ့ဒေသခံပရဟိတအဖွဲ့တွေက ကူညီနေရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

လက်တလော မွန်ပြည်နယ်က လေပြင်းတိုက်ရာမြို့နယ်တွေမှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့မီးသတ်၊ကြက်ခြေနီ၊ပရဟိတအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ညနေ ၃ နာရီ ထုတ်ပြန်ချက်အရ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်သဖြင့် အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မွန် #မိုးရွာလေပြင်းတိုက်

Related posts

Leave a Comment

VOM News

FREE
VIEW