မုန်တိုင်းမိပြီး ရေမျောလာသူတွေနဲ့ ရုပ်အလောင်းတွေကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ထား

မေ ၊ ၂၃-၂၀၂၂
SP(VOM)

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ် ၊ ရွှေသောင်ယံမြို့၊ဝက်သေကမ်းခြေမှာ မနေ့ မေ ၂၂ ရက် နေ့လယ်ပိုင်းက ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး ရေမျောလာတဲ့ ရုပ်အလောင်း ၁၇ လောင်းကို ကယ်ဆယ်ပေးခဲ့ရတယ်လို့ ပုသိမ်မြို့ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” ရေမျောလာတဲ့သူ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တာ လူ အယောက် ၃၀ ၊ သေဆုံးနေတဲ့ ရုပ်အလောင်းကယ်ဆယ်ပေးနိုင်ခဲ့တာက ၁၇ လောင်း ဖြစ်တယ်”လို့ ကူညီကယ်ဆယ်ပေးခဲ့တဲ့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။

ပုသိမ်ခရိုင် ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက ” ဝက်သေကမ်းခြေမှာ ကယ်ဆယ်ပေးနိုင်ခဲ့တဲ့ရေမျောတွေဟာ နိုင်ငံသားအထောက်အထားမဲ့ လူမျိုးတွေဖြစ်တယ် ၊ အခုလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ရေလမ်းကြောင်းအတိုင်း ထွက်လာကြတာဖြစ်ပြီး ဧရာဝတီတိုင်း နယ်နိမိတ်ထဲအရောက် ဘင်္ဂလားပင်လယ်ထဲမှာ မုန်တိုင်းမိပြီး စက်လှေပျက်ကာ ရေမျောလာကြတာဖြစ်တယ် ၊ သေဆုံးသူ ၁၇ ယောက်ထဲက အမျိုးသမီး ရုပ်အလောင်း ၆ လောင်းပါတယ် ၊ ကျန်အလောင်းတွေကတော့ အမျိုးသား အလောင်းတွေဖြစ်တယ် ၊ အသက်ရှင်လျက် ကယ်ဆယ်ပေးနိုင်တဲ့ လူ ၃၀ ကို စစ်ဆေးမေးမြန်းတဲ့အခါ စက်လှေပေါ်မှာ လူ ၉၀ ပါတယ်ပြောတယ်၊ သူတို့အပြောအရဆိုရင် လူ ၄၀ ကျော် ပျောက်ဆုံးနေတယ်”လို့ ပြောပါတယ်။

လက်တလောမှာ ရေမျောလာတဲ့ လူ ၃၀ ကို ပုသိမ်ခရိုင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ထားပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကျန်းမာရေးနဲ့ စားဝတ်နေရေးကိစ္စကို ကူညီစောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #မုန်တိုင်းမိ #ရေမျောလာသူ #ကယ်ဆယ်ထား

Related posts

Leave a Comment

VOM News

FREE
VIEW