စစ်ကိုင်းတိုင်းမှာ မနေ့က ၁ ရက်ထဲ လူသတ်မှု ၄ ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉ ဦးအထိရှိ

မေ ၊ ၂၂-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ်၊အလ္လကပ္ပကျေးရွာ နဲ့ မုံရွာမြို့နယ် ၊ ပေါက်ပင်ကျေးရွာနားမှာ မနေ့ မေ ၂၁ ရက် ညနေပိုင်းက ၂ လောင်းပြိုင်လူသတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အဲ့ဒီလူသတ်မှုတွေနဲ့ ပတ်သက်ပြီး ၊ မြင်းမူမြို့ခံ လူမှုကူညီရေးအဖွဲ့ ပရဟိတသမားတယောက်က ” မနေ့က နေခင်းပိုင်းမှာ အလ္လကပ္ပကျေးရွာ မန္တလေး-မုံရွာကားလမ်း ဘုန်းပြည့်စံကွမ်းယာဆိုင်ရှေ့မှာ လူ ၂ ဦးသတ်ခံရတယ် ၊ သေဆုံးသူတွေကတော့ ဦးလှဦးနဲ့ ဦးမောင်ခိုင် တို့ဖြစ်တယ် ၊ အလောင်းတွေကို မြင်းမူဆေးရုံ ပို့လိုက်တာ”လို့ ပြောပါတယ်။

အဲ့ဒီ လူသတ်မှုကို မြင်းမူမြို့နယ်ရဲတပ်ဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေရ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က ညနေပိုင်းမှာ မုံရွာမြို့နယ် ၊ ပေါက်ပင်ကျေးရွာအနီး ၊ ကြာပင်ပေါက်ပင်လမ်းမှာ လူ ၂ ဦး အသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။

” ၂ လောင်းပြိုင် လူသတ်မှုဖြစ်တာပါ ၊ သေဆုံးသူတွေကတော့ ဘန်စီကျေးရွာက ကိုထွန်းထွန်းဝင်းဆိုသူနဲ့ ကျီးအုပ်ကျေးရွာက ကိုဝင်းထိုက်တို့ဖြစ်တယ်”လို့ အလောင်းပို့ဆောင်ရာမှာ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှုကိုလည်း မုံရွာမြို့နယ်ရဲတပ်ဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေရ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

အဲ့ဒိအပြင် ကန့်ဘလူမြို့နယ် ၊ ထန်းကုန်ကျေးရွာအုပ်စု ၊ ဇီးပင်သာကျေးရွာနားမှာ မနေ့က ညနေ ၆ နာရီဝန်းကျင်းမှာ ဦးထွန်းလှိုင် ဆိုသူ အသတ်ခံရပါသေးတယ်။

အဲ့ဒီ လူသတ်မှုကိုတော့ ထန်းကုန်းနယ်မြေရဲစခန်းက အမှုဖွင့်စစ်နေတယ်လို့ သိရပါတယ်။

မနေ့က ညပိုင်းမှာပဲ ခင်ဦးမြို့နယ် ၊ သီဟတောကျေးရွာမှာနေတဲ့ ကိုမောင်နိုင် ၊ ကိုဖိုးရှမ်း ၊ ကိုသန်းဇော်ဦးနဲ့ ကိုအီးတီ တို့ ၄ ဦးဟာ ညပိုင်း ၇ နာရီဝန်းကျင်မှာ ၄ ဦး တပြိုင်တည်း အသတ်ခံရပါသေးတယ်။

အဲ့ဒါကြောင့် မနေ့က ၁ ရက်ထဲမှာ စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်က ၂ လောင်းပြိုင်လူသတ်မှု ၁ ခု ၊ မုံရွာမြို့နယ်က ၂ လောင်းပြိုင် လူသတ်မှု ၁ ခု ၊ ခင်ဦးမြို့နယ်က ၄ လောင်းပြိုင် လူသတ်မှု ၁ ခု နဲ့ ကန့်ဘလူမြို့နယ်မှာ လူသတ်မှု ၁ ခု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ လူသတ်မှုတွေနဲ့ပတ်သက်လို့ လူသတ်မှုတွေဖြစ်ပွားတယ်ဆိုတာပဲ သိရတာဖြစ်ပြီး သေဆုံးသူတွေဟာ ဘာကြောင့် အသတ်ခံရတယ်ဆိုတာနဲ့ သတ်သွားတဲ့သူတွေဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာ VOM က အတည်ပြုပေးနိုင်တာ မရှိပါဘူး။

#voiceofmyanmar #VOM #စစ်ကိုင်း #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW