ပြည်တွင်းမှာ ငွေပေးချေမှုအားလုံးကို မြန်မာကျပ်ငွေသာ သုံးရမယ်လို့ ဗဟိုဘဏ်ထုတ်ပြန်

မေ ၂၆-၂၀၂၂
VOM (GG)

မြန်မာပြည်တွင်းမှာ ငွေပေးချေသုံးစွဲမှုအားလုံးကို မြန်မာကျပ်ငွေနဲ့သာ မဖြစ်မနေသုံးစွဲရမယ်လို့ ဗဟိုဘဏ်က မနေ့ မေလ ၂၅ရက်မှာ ထပ်မံ အသိပေးထုတ်ပြန်လိုက်ပါတယ်။

ပြည်တွင်းမှာ ရောင်းချ ဝယ်ယူတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေနဲ့ ရယူတာ၊ ပေးချေခြင်းတွေကြောင့် နိုင်ငံခြားသုံးငွေ အသုံးပြုမှု ကျယ်ပြန့်လာပြီး နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားလာစေတဲ့အပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း (Exchange Rate)ကိုပါ မတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့အစည်းတွေ အနေနဲ့ အစိုးရနဲ့ပုဂ္ဂလိကလုပ်ငန်းတွေ၊အဖွဲ့အစည်းတွေအတွင်း ကုန်ပစ္စည်းတွေ ဝယ်ယူရောင်းချခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းအတွက် ပေးချေခြင်း၊ ဈေးနှုန်းဖော်ပြခြင်း ကိစ္စရပ်တွေအားလုံးကို ပြည်တွင်းသုံး ကျပ်ငွေနဲ့သာ ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

” လေယာဉ်လက်မှတ်ဆိုလည်း ဒေါ်လာနဲ့ပေးရတာရှိတယ်။နိုင်ငံတကာကျောင်းဆိုလည်း ဒေါ်လာနဲ့သွင်းရတာရှိတယ်။သင်တန်းတွေဆိုလည်း အဲ့ဒီလိုပဲ။ ဟိုတယ်တွေဆိုလည်း ဒေါ်လာနဲ့မှချေလို့ရတာမျိုးပေါ့။ အခုဒါတွေကို ထိန်းချုပ်လိုက်တဲ့သဘောလို့မြင်တယ်။ပေးချေမှုတိုင်းကို ဒေါ်လာမှန်သမျှ လက်ထဲကိုင်မသုံးရဘူး၊ဘဏ်မှာငွေလဲပြီးမှသုံးပေါ့။ဒါပေမယ့်ရောင်းသူဝယ်သူ အဆင်ပြေရင် ကိစ္စမရှိဘူးလို့မြင်တယ်”လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက သုံးသပ်ပြောဆိုပါတယ်။

ပြည်တွင်းမှာ ကျပ်ငွေနဲ့သာ ပေးချေဆောင်ရွက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်ကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

လက်ရှိမှာ ဟိုတယ်နဲ့ စားသောက်ဆိုင်အချို့အပါအဝင် ပြည်တွင်းမှာ လာရောက်ဖွင့်လှစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျောင်းတွေ၊ နိုင်ငံခြားသားတွေကို ပြည်တွင်းမှာ နေရာထိုင်ခင်းငှားရမ်းမှုတွေ၊ အမှတ်တရပစ္စည်းဆိုင်တွေ စတဲ့နေရာတွေမှာ ကျပ်ငွေအစား နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ)နဲ့ ပေးချေနေတာတွေ့ရတယ်လို့ ဗဟိုဘဏ်ကနေ သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးအောက်က လုပ်ငန်းတွေ အဖွဲ့အစည်းတွေကလည်း ရဖို့ရှိတဲ့ လုပ်ငန်းဆောင်ရွက်မှု ဝင်ငွေတွေ (ဥပမာ-မြေငှားရမ်းခြင်း၊ အာမခံလုပ်ငန်းတွေအတွက် မတည်ရင်းနှီးငွေ ထည့်ဝင်ခြင်း၊ ဖက်စပ်လုပ်ငန်းတွေကနေ ရရှိငွေအစရှိသည်)ကို နိုင်ငံခြားငွေနဲ့ လက်ခံဆောင်ရွက်နေတာကို တွေ့ရှိရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဗဟိုဘဏ်ကကြေညာထားတဲ့ ကင်းလွတ်ခွင့်ပြုတဲ့ ကိစ္စရပ်တွေမှအပ ပြည်တွင်းမှာ နေထိုင်သူတွေအနေနဲ့ ပြည်ပကနေ နိုင်ငံခြားသုံးငွေနဲရရှိတဲ့ဝင်ငွေတွေကို မြန်မာနိုင်ငံအတွင်း ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း (AD)လိုင်စင်ရဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်းဖွင့်ကာ အလုပ်လုပ်ရက် ၁ ရက်အတွင်း မြန်မာကျပ်ငွေ လဲလှယ် ရောင်းချရမှာ ဖြစ်တာကြောင့် ပြည်တွင်းမှာ သုံးစွဲ၊ ပေးချေမှုတွေကို မြန်မာကျပ်ငွေနဲ့သာ မဖြစ်မနေ သုံးစွဲရမယ်လို့ ဗဟိုဘဏ်ရဲ့မေလ ၂၅ ရက်နေ့ကြေညာချက်မှာဖော်ပြထားပါတယ်။

#voiceofmyanmar #VOM #ပြည်တွင်း #မြန်မာကျပ်ငွေနဲ့သာအသုံးပြု #ဗဟိုဘဏ်ထုတ်ပြန်

Related posts

Leave a Comment

VOM News

FREE
VIEW