မုံရွာမှာ ဆိုင်ကယ် ခိုးခံရတာနဲ့ ရိုက်လုခံရတဲ့ ဖြစ်စဥ်တွေ ဆက်တိုက်ဖြစ်ပေါ်နေ

မေ ၊ ၂၆-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း မုံရွာမြို့က လူနေရပ်ကွက်တွေထဲမှာ ညတိုင်းလိုလို ဆိုင်ကယ်ခိုးယူခံရတာတွေ ဖြစ်ပေါ်နေတယ်လို့ နစ်နာသူတွေဆီက သိရပါတယ်။

” မနေ့ မနက် အစောပိုင်း ၃ နာရီဝန်းကျင်မှာ ဇောတိကလမ်း ၊ လမ်းသွယ် ၅ ထဲက ၊ သော်တာလင်း အမျိုးသမီး အဆောင်မှာ ဆိုင်ကယ်အခိုးခံရတယ် ၊ ခိုးရာပါသွားတဲ့ ဆိုင်ကယ်က ၆ စီးဖြစ်တယ် ၊ သူခိုးက အုပ်စုဖွဲ့ပြီး လိုက်ထရပ်ကားနဲ့ လာခိုးတာကြောင့် ဘေးအိမ်တွေက မြင်လိုက်ရပေမယ့် အော်ဟစ်တာ မလုပ်ရဲဘူး “လို့ ဆိုင်ကယ်ခိုးယူခံရသူတယောက်က ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့၊ ရတနာပုံရပ် (ကျောက်ကျင်း)၊ ဓမ္မပါလရိပ်သာကျောင်း မြောက်ဘက်က နေအိမ် တအိမ်မှာ ဆိုင်ကယ် ၂ စီး ၊ ရတနာပုံ အမှတ် ၇ လမ်းက ဆိုင်ကယ် ၂ စီးလည်း အလားတူ ခိုးယူခံရတယ်လို့ သိရပါတယ်။

” မုံရွာမှာက ခိုးမှုတွေတင်မကဘူး ၊ လုယက်မှုတွေလည်း ဖြစ်တယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းက စက်မှုဇုန်ထဲမှာ လူကိုသတ်ပြီး ဆိုင်ကယ်ရော ဖုန်းပါ လုသွားတယ် ၊ အရင်ရက်က မနက်ပိုင်းမှာလည်း ကန်သာယာ မနက်စျေးနားမှာ စျေးသည်တစ်ယောက် ရိုက်လုခံရတယ် “လို့ ရိုက်လုခံရတဲ့ လူနာတွေကို ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။

အခုလအတွင်း မုံရွာမြို့ရဲ့ သံလမ်းအရှေ့ဘက်ခြမ်းမှာရှိတဲ့ လယ်တီ ၊ ရတနာပုံ ၊ ချမ်းမြသာစည် ၊ ထန်းတော ၊ ရန်ကင်း ၊ နန္ဒဝန် ၊ မြဝတီ ၊ ဘုန်းစိုး ၊ သလ္လာ ၊ ချမ်းမြဝတီ ၊ မြဝတီ စတဲ့ ရပ်ကွက်တွေမှာ ညစဥ် ဆိုင်ကယ်အခိုးခံရတာတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အခုလို ကိစ္စတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းတွေကို အကြောင်းကြားထားသလို အကြောင်းကြားချက်တွေကိုလည်း ရဲစခန်းက လက်ခံထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲမှာ မုံရွာမြို့ရှောင်လမ်းက ဆွမ်းအုပ် (ဇလုတ်)အဝိုင်းနဲ့ သာစည် (ကြက်ဇုန်)အဝိုင်း ကြားမှာ ရိုက်လုတာတွေဖြစ်ပွားတဲ့အတွက် အလုခံရတဲ့သူတွေထဲက ဒဏ်ရာရတာ ၊ သေဆုံးတာတွေ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ #ဆိုင်ကယ်ခိုးမှု #လုယက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW