ထိုင်းကို တရားဝင် မြန်မာလုပ်သားတွေ သွားခွင့်ပြုလိုက်ပေမယ့် တရားမဝင်လမ်းကြောင်းကသွားတဲ့ မြန်မာတွေ ဖမ်းဆီးခံနေရဆဲ

မေ ၂၉-၂၀၂၂
VOM (GG)

ထိုင်းကို နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MOU စနစ်နဲ့ မြန်မာလုပ်သားတွေ တရားဝင်သွားခွင့်ပြုလိုက်ပေမယ့်လည်း တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်နေသူတွေရှိလို့ မြန်မာလုပ်သားတွေ ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။

မနေ့က မေလ ၂၈ ရက်နေ့နဲ့ ၂၇ ရက်နေ့မှာပဲ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ မြို့နယ် ၂ ခုမှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာ နိုင်ငံသား ၆၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အလုပ်သမား အရေးဆောင်ရွက်နေသူတွေဆီကသိရပါတယ်။

” တရားမဝင်လာတဲ့သူတွေက ထိုင်းမှာအလုပ်လုပ်ဖို့ဆိုပြီး တယောက်ကို ဘတ် ၂၈၀၀၀ နဲ့ ၃၀၀၀၀ ပေးရတယ်လို့သိရတယ်။အဲ့ဒါတွေကအရင် MOU စနစ်တွေပြန်မဖွင့်ခင်ထဲကလာဖို့လုပ်ထားသူတွေပေါ့။ သူတို့ကတော့တရားဝင်လမ်းကြောင်းကပဲလာရမယ်လို့ထင်ထားကြတာ ၊ လာမယ်ဆိုရင်သတင်းတွေသေချာဖတ်၊လေ့လာပြီးစုံစမ်းကြပါ၊ခုတော့ပိုက်ဆံလည်းကုန်လူလည်းအဖမ်းခံရ တယ် ” လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ထားပြီး ထိုင်းနိုင်ငံဥပဒေအရအရေးယူဖို့ မဲဆောက်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါ တယ်။

MOU စနစ်မစတင်ခင်ကလည်း ထိုင်းကိုတရားမဝင်လမ်းကြောင်းကနေ သွားရောက်ခဲ့ကြလို့ ဖမ်းဆီးခံရတဲ့မြန်မာအလုပ်သမားထောင်နဲ့ချီပြီးရှိနေပါတယ်။

ထိုင်းကို MOU စနစ်နဲ့ မြန်မာအလုပ်သမားစေလွှတ်တဲ့စနစ်ကို ခုလမေလ ၁၀ ရက်နေ့မှာ ထိုင်းဘက်ကစတင်လက်ခံခဲ့တာဖြစ်ပြီး မေလ ၂၇ ရက်နေ့အထိဆိုရင် MOU မြန်မာလုပ်သား ၂၀၀၀ နီးပါးပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

MoU အလုပ်သမားလက်ခံမှုကို ထိုင်းဘက်က ကုန်းလမ်း၊ ရေကြောင်းလိုင်း၊ လေကြောင်းလိုင်းအားလုံးနဲ့ လက်ခံနေပြီး ကာကွယ်ဆေးထိုးနှံမှု ပြည့်စုံသူ(၂ ကြိမ်ပြည့်ထိုးသူ) နဲ့ ကာကွယ်ဆေးထိုးနှံမှု မပြည့်စုံသူ(၂ ကြိမ်ပြည့်အောင် မထိုးသူ)နည်းလမ်း ၂ မျိုးခွဲကာ လက်ခံနေတယ် လို့သိရပါတယ်။

ကာကွယ်ဆေး ၂ ကြိမ်ပြည့်အောင် ထိုးနှံခဲ့ခြင်း မရှိသူတွေက ၇၂ နာရီအတွင်း RT-PCR နည်းနဲ့ COVID-19 ကင်းရှင်းကြောင်း လက်မှတ်ပြသနိုင်ပါက ကာကွယ်ဆေးထိုးနှံမှုပြည့်စုံသူနည်းလမ်းအတိုင်း လက်ခံ မှာဖြစ်ပြီး Quarantine ဝင်ဖို့မလိုဘူးလို့သိရပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံ မှာအလုပ်လုပ်ကိုင်ခွင့်ရဖို့အတွက် ပွဲစားတွေကို အလုပ်သမားတဦးက ငွေကျပ် ၂၅ သိန်းအထိပေးဆောင်ရတာတွေရှိနေပါတယ်။

#voiceofmyanmar #VOM #ထိုင်းမြန်မာ #မြန်မာလုပ်သားတွေဖမ်းခံရ #စီးပွားရေးသတင်း #လူကုန်ကူး

Related posts

Leave a Comment

VOM News

FREE
VIEW