အိုပက်နဲ့ မဟာမိတ်နိုင်ငံတွေ ရေနံတိုးမြှင့်ထုတ်လုပ်ဖို့ သဘောတူပြီ

ရီယတ်၊ ဇွန်-၃-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာလုံးဆိုင်ရာ ၀ယ်လိုအားမြင့်တက်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ ရေနံထုတ်လုပ်ရောင်းချတဲ့နိုင်ငံများ(အိုပက်)နဲ့ အခြားမဟာမိတ်နိုင်ငံတွေဟာ ဇူလိုင်လမှာ တစ်ရက်ကို ရေနံစည်ပေါင်း ၆၄၈၀၀၀ တိုးမြှင့်ထုတ်လုပ်ဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အိုပက်အဖွဲ့နဲ့ ရုရှားအပါအ၀င်အခြားမဟာမိတ်နိုင်ငံတွေရဲ့၀န်ကြီးအဆင့်ဆွေးနွေးပွဲကို ဇွန် ၂ ရက်မှာ အွန်လိုင်းမှပြုလုပ်ပြီးနောက် အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ရေနံ၀ယ်လိုအားမြင့်တက်လာတာကို ပြည့်မီဖို့အတွက် ထုတ်လုပ်မှုကို တိုးမြှင့်သွားမယ်လို့ အဲဒီနိုင်ငံတွေက ထုတ်ဖော်ပြောကြားထားပြီး တိုးမြှင့်ထုတ်လုပ်မယ့် ပမာဏဟာ ယခင်စီစဉ်ထားတာထက် စည်ပေါင်းနှစ်သိန်း ပိုမိုများပြားနေပါတယ်။

ဖေဖော်ဝါရီနှောင်းပိုင်းမှာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် ရေနံစိမ်းစျေးနှုန်းတွေ မြင့်တက်ခဲ့ပြီး ရေနံတင်သွင်းတဲ့နိုင်ငံတွေက ရေနံထုတ်လုပ်တဲ့နိုင်ငံတွေကို ရေနံတိုးမြှင့်ထုတ်လုပ်ဖို့ ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာစျေးကွက်မှာ စွမ်းအင်အကျပ်အတည်းဖြစ်ပွားနေတာကို တုံ့ပြန်ဖို့ ရေနံနဲ့ သဘာ၀ဓါတ်ငွေ့ထုတ်လုပ်တဲ့ နိုင်ငံတွေကို ဂျီ-၇ အဖွဲ့ စွမ်းအင်၀န်ကြီးတွေက လွန်ခဲ့တဲ့လမှာ တိုက်တွန်းထားပြီး အိုပက်အဖွဲ့ဟာ အဲဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အဓိကအခန်းကဏ္ဍမှ ပါ၀င်တယ်လို့ ပြောဆိုထားပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ရီယတ်

Related posts

Leave a Comment

VOM News

FREE
VIEW