ရခိုင်က အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံသူ ၄ သိန်းကျော်ရှိ

ဇွန် ၃-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်အတွင်း မနေ့ မေလ ၂ ရက်နေ့က အခြေခံပညာကျောင်းတွေစဖွင့်တဲ့နေ့အထိ ကျောင်းအပ်နှံတဲ့ ကျောင်းသား၊ ကျောင်းသူ ၄ သိန်းကျော်ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးကနေသိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပြည်နယ်တွင်းက အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက “မနေ့ကအထိ ကျနော်တို့ ရခိုင်ပြည်နယ်က အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံမှုစာရင်းကတော့ (၄၂၂,၄၃၅) ဦးရှိပါတယ်။ တစ်ပြည်နယ်လုံးစာသင်ကျောင်းပေါင်း (၃၁၈,၆) ကျောင်းဖွင့်လှစ်နိုင်တာ ရှိပါတယ်” လို့ ပြောပါတယ်။

အဲဒီလိုမျိုး ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းပေါင်း ၃ ထောင်ကျော် ဖွင့်ထားနိုင်ခဲ့ပေမယ့် ကျောင်းမဖွင့်နိုင်ဘဲ ယာယီပိတ်ထားရတဲ့ကျောင်းပေါင်း (၁၂၄) ကျောင်းရှိပြီး အဲ့ဒီကျောင်းတွေဟာ၂၀၁၂၊ ၂၀၁၇ခုနှစ်နဲ့ ၂၀၁၈ နောက်ပိုင်းတွေမှာ အခက်အခဲအမျိုးမျိုးကြောင့် ပိတ်ခဲ့ရတာလို့ ပြောပါတယ်။

ယာယီပိတ်ထားရတဲ့ အခြေခံပညာစာသင်ကျောင်းပေါင်း (၁၂၄) ကျောင်းရှိတဲ့အနက် မောင်တောမြို့နယ်မှာ အခြေခံပညာကျောင်း (၆၆) ကျောင်း ၊ ဘူးသီးတောင်မှာ (၁၇) ကျောင်း၊ ရသေ့တောင်မှာ (၂၀)၊ ကျောက်တော်မှာ (၁၁) ကျောင်း၊ မြေပုံမှာ (၄) ကျောင်း၊ မင်းပြား (၁) ကျောင်း၊ မြောက်ဦး (၁) ကျောင်း၊ ကျောက်ဖြူ နဲ့ အမ်း တို့မှာ (၂) ကျောင်းစီ ရှိတယ်လို့ သိရပါတယ်။

အဲဒီကျောင်းတွေမဖွင့်နိုင်တာနဲ့ပတ်သက်ပြီး ပြည်နယ်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းက“ မဖွင့်လှစ်နိုင်တာကတော့ ၂၀၁၂ အရေးအခင်းတွေ၊ ၂၀၁၇ အရေးအခင်းတွေ၊ အဲဒီနောက်ပိုင်း စစ်ဘေးကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တို့မှာ ပဋိပက္ခတွေကြောင့် ကျောင်းတွေ အမြောက်အများပိတ်ခဲ့ရပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာလည်း ပြည်တွင်းစစ်တွေကြောင့် အခြေခံပညာစာသင်ကျောင်းတွေ ပိတ်ထားခဲ့ရတာဟာ ယနေ့အချိန်ထိဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့နိုင်ခဲ့ပြီး ကိုဗစ်ကပ်ဘေးစည်းကမ်းတွေ နဲ့ ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် ၂၀၁၉ ခုနှစ် အတွင်း ကျောင်းတွေကို ရုတ်တရတ်ပိတ်ခဲ့ရတာဖြစ်ပါတယ်။

အခုလို ကျောင်းတွေပြန်ဖွင့်လှစ်နိုင်တဲ့အပေါ် ကျောင်းသားမိခင်တဦးက “ ကျောင်းတွေက ၂ နှစ်နီးပါးပိတ်ထားရတော့ ကလေးတွေက တက်သင့်တဲ့အချိန်မှာ ကျောင်းမတက်လိုက်ရဘူး။ အသက်တွေကြီးပြီး ကလေးတွေအတွက် ပညာသင်ချိန်တွေကြန့်ကြာသွားတာတွေရှိတယ်။ အခုလို ကျောင်းတွေပြန်ဖွင့်တယ်ဆိုတော့ ဝမ်းသာရပါတယ်။ ကျောင်းသားမိဘတွေလည်း ကလေးတွေကျောင်းတက်မှ ပြန်တွေ့ရတယ်” လို့ ပြောပါတယ်။

ကျောင်းတွေ နှစ်နဲ့ချီပိတ်ထားရတဲ့အတွက် ကလေးတွေဟာ စိတ်လေလွင့်မှုတွေဖြစ်နေတဲ့အပြင် ပြီးခဲ့တဲ့ နှစ်တွေက စစ်ပွဲတွေကြောင့် ရခိုင်မြောက်ပိုင်းဒေသရှိ ကျေးလက်နေ ကျောင်းနေအရွယ်ကလေးတွေဟာ စိတ်ဒဏ်ရာတွေရခဲ့ကြတယ်လို့ ရသေ့တောင်မြို့နယ်မှာ လူမှုကူညီရေးတွေလုပ်ဆောင်နေတဲ့ ကိုကျော်မင်းခိုင်က ပြောပါတယ်။

“ ၂၀၁၉ လောက်ကနေစပြီး တိုက်ပွဲတွေကလည်း ပြင်းထန်တယ်။ ကပ်ရောဂါတွေကြောင့်လည်း ကျောင်းတွေမတက်လိုက်ရဘူး။ ဆိုတော့ ကလေးတွေဟာ စိတ်တွေလေလွင့်သွားပြီး အကျင့်စာရိတ္တပိုင်းမှာလည်း ထိခိုက်မှုတွေရှိပါတယ်။ ကျောင်းနေအရွယ်မှာ တခြားအလုပ်တွေထွက်လုပ်ရတယ်။ နောက်တစ်ခုက တိုက်ပွဲတွေကြားထဲမှာ ကြီးပြင်းလာတဲ့ ကလေးတွေဆိုရင် စိတ်ဝေဒနာတွေခံစားလာရတယ်” လို့ ကိုကျော်မင်းခိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ်ကလည်း စာသင်ကျောင်းပေါင်း သုံးထောင်ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး ပဋိပက္ခအမျိုးမျိုးကြောင့် ယာယီပိတ်ထားခဲ့ရတဲ့ ကျောင်းတွေကတော့ ဖွင့်လှစ်နိုင်ခဲ့တာ မရှိဘူးလို့ ပညားရေးမှူးရုံးရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #ကျောင်းအပ်နှံသူ #လေးသိန်းကျော်ရှိခဲ့

Related posts

Leave a Comment

VOM News

FREE
VIEW