ရခိုင်က မြို့နယ်တချို့မှာ စက်သုံးဆီပြတ်လပ်ပြီး ဈေးတွေအဆမတန် မြင့်တက်နေ

ဇွန် ၄-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်အတွင်း မြို့နယ်တချို့မှာ စက်သုံးဆီပြတ်လပ်မှုတွေဖြစ်နေပြီး ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတယ်လို့ စက်သုံးဆီသုံးစွဲသူတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်ဆီလုပ်ငန်းရှင်များအသင်းကလည်း ပြည်နယ်တွင်း စက်သုံးဆီပြတ်လပ်မှုတချို့ရှိနေတာဟုတ်မှန်ပြီး ရခိုင်ပြည်နယ်က ဆီလုပ်ငန်းရှင်တွေအနေနဲ့ စက်သုံးဆီဝယ်ယူရတဲ့အပိုင်းတွေမှာ အခက်အခဲတွေရှိတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ဆီလုပ်ငန်းရှင်များအသင်း ဒု- ဥက္ကဌ ဦးသိန်းရွှေက “ ရခိုင်ပြည်နယ်က ရန်ကုန်ကနေတဆင့် စက်သုံးဆီကို ဝယ်ရတာ။ တိုက်ရိုက်ဖြန့်ဖြူးတာမရှိဘူး။ ကျနော်တို့က ကုမ္ပဏီကြီးတွေဆီက ဝယ်ပြီးတော့ ပြန်ဖြန့်ရတာ။ အခုနောက်ပိုင်း ပေါ်လစီတွေ ပြောင်းသွားတဲ့အခါ ဆီဝယ်ရတာ အခက်အခဲရှိသွားတယ်”လို့ ပြောပါတယ်။

စက်သုံးဆီတွေဟာ နိုင်ငံခြားကနေ ဒေါ်လာနဲ့ ဝယ်ယူတင်သွင်းရတာဖြစ်ပြီး စက်သုံးဆီဈေးနှုန်းတွေ တက်တာဟာလည်း ကမ္ဘာ့ရေနံဈေးကွက်အပေါ်မူတည်နေကာ ဆီလုပ်ငန်းရှင်များအသင်းအနေနဲ့ အတတ်နိုင်ဆုံး ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချနေတယ်လို့ ပြောပါတယ်။

ပြည်နယ်တွင်း စက်သုံးဆီတွေပြတ်တောက်ပြီး ဆီဈေးတွေ အဆမတန်မြင့်တက်နေတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဦးသိန်းရွှေက “ ကျနော်တို့ကတော့ ဈေးသက်သက်သာသာနဲ့ပဲ ရောင်းချင်ပါတယ်။ ဝယ်တဲ့အပေါ်မှာ ဈေးသက်သာရင် သက်သာသလိုရောင်းပေးပါတယ်။ အခုကလည်း သတ်မှတ်တဲ့ဈေးအတိုင်းပဲ ကျနော်တို့က ရောင်းနေရတယ်။ နိုင်ငံတကာရဲ့ ဈေးနှုန်းနဲ့ပဲ ရောင်းပေးရတာ။ ကမ္ဘာ့နိုင်ငံတွေမှာ ဈေးတက်သလို ဒီမှာလည်း တက်တာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေအပါအဝင် တစ်နိုင်ငံလုံးမှာ စက်သုံးဆီပြတ်လပ်မှုတွေနဲ့ ကြုံနေရတာဖြစ်ပြီး အဲဒီလို စက်သုံးဆီတွေ ပြတ်လပ်မှုတွေကြောင့် ဝယ်ယူသုံးစွဲတဲ့ ပြည်သူတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ ကမ္ဘာ့ရေနံဈေးကွက်ကိုလိုက်ပြီး နေ့စဉ်နေ့တိုင်းအပြောင်းအလဲတွေရှိကာ ကမ္ဘာ့ဈေးနှုန်းအပေါ်မှာ မူတည်ပြီးသွားနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ရှိ ပြည်နယ်အစိုးရရုံးစိုက်တဲ့ စစ်တွေမြို့မှာ မနေ့ ဇွန်လ ၃ ရက်နေ့က စက်သုံးပြတ်တောက်သွားတဲ့ အရောင်းဆိုင်တချို့ရှိခဲ့ပြီး မနေ့က စက်သုံးဆီဈေးနှုန်းဟာ ဆီအမျိုးအစားတိုင်း ကျပ် (၂၃၀၀) ဝန်းကျင်ထိရှိခဲ့ပြီး ပြည်နယ်တွင်းက ကျန်မြို့နယ်တွေမှာတော့ လူအများအသုံးပြုတဲ့ အောက်တိန်း 92 တစ်လီတာကို ကျပ် (၃၂၀၀) အထိ ရှိနေတယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့က စက်သုံးဆီဝယ်ယူတဲ့ အမျိုးသမီးတဦးက “ ဒီမှာ စက်သုံးဆီ တလီတာကို ကျပ်(၃၂၀၀) ရှိပါတယ်။ ကျမယောက်ျားက ဘေးတွဲဆိုင်ကယ်မောင်းတာဆိုတော့ ဆီ (၂) လီတာထည့်တာနဲ့ စားဖို့သောက်ဖို့က အဆင်မပြောတော့ဘူး။ တစ်လီတာ ၃ ထောင်ကျော်ဆိုတော့ ကျမတို့မှာ ဘာမှမရဘူး။ ရသေ့တောင်မှာ ဆီဈေးက တက်ရင်မကျတော့ဘူး။ ကုန်ဈေးနှုန်းတွေလည်း ဒီအတိုင်းပဲ တက်ရင်မကျတော့ဘူး ” လို့ ပြောပါတယ်။

စစ်တွေမြို့ပေါ်က စက်သုံးဆီဆိုင်ကြီးတွေမှာ စက်သုံးဆီ တလီတာကို ကျပ် ၂ ကျော်ဝန်းကျင်ရောင်းချနေကြချိန် ကျန်တဲ့မြို့နယ်တွေမှာ တစ်လီတာကို ကျပ်သုံးထောင်ကျော်အထိ မြင့်တက်သွားတာဟာ မဖြစ်သင့်ကြောင်း သူမက ပြောပါတယ်။

အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေမှာလည်း စက်သုံးဆီဈေးနှုန်းတွေမြင့်တက်နေပြီး မြန်မာနိုင်ငံမှာ ဓာတ်ဆီ တစ်လီတာကို (၁.၂) ဒေါ်လာရှိကြောင်း ဇွန်လ ၁ ရက်နေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ နစက ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

သူပြောတာက “ဆီဈေးနှုန်းတက်တာကတော့ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာဖြစ်ပါတယ်။ ဘရူနိုင်း၊ မလေးရှားနိုင်ငံတို့ကတော့ ကတော့ ကျနော်တို့ထက် ဈေးအများကြီးချိုပါတယ်။ ဆီဈေးနှုန်းတွေကို အစိုးရအနေနဲ့ အတတ်နိုင်ဆုံးသက်သာအောင်လုပ်ပေးနိုင်တာ နည်းလမ်း(၂) လမ်းရှိပါတယ်။ ဆီနဲ့ပတ်သက်ပြီး အခွန်နှုန်းတွေကို အနိမ့်ဆုံးအထိလျော့ချပေးထားပါတယ်။ ပြီးရင် ဆီနဲ့ပတ်သက်ပြီး ကုန်သည်တွေအနေနဲ့ ကြိုက်တဲ့နေရာမှာဝယ်၊ ဝယ်ပြီးရင် အရှေ့တောင်အာရှဒေသတွင်း စင်္ကာပူက AMOBE ဈေးနှုန်းကို အခြေခံပြီး ကျနော်တို့က တွက်ချက်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတွင်း စက်သုံးဆီလုံလောက်မှုမှာလည်း ဓာတ်ဆီ၊ ဒီဇယ်တွေကို ဇွန်လ ၁၆ ရက်နေ့အထိ အပြည့်အစုံတင်သွင်းပြီးဖြစ်ကြောင်းနဲ့ လမ်းခရီးမှာ နှောင့်နှေး ကြန့်ကြာနေတာတွေရှိပြီး ကုန်သည်တွေအနေနဲ့ ဆီတင်သွင်းတဲ့အခါ နောက်နေ့မှာ ဈေးနှုန်းတက်နိုင်တယ်ဆိုတဲ့ အယူအဆမျိုးနဲ့ လမ်းရီးမှာ ကြန့်ကြာနေတာရှိပါတယ်။ ပြည်တွင်းထဲမှာလည်း ကြန့်ကြာနေတာရှိပါတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

အဲဒီလိုမျိုး စက်သုံးဆီဈေးနှုန်းတွေ မတည်မငြိမ် ဖြစ်နေတာကို တာဝန်ရှိတဲ့သူတွေအနေနဲ့ ထိန်းညှိပေးဖို့လိုအပ်နေပြီး ကား၊ အိန္ဒိယသုံးဘီး၊ ဘေးတွဲဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်မောင်းပြီး အလုပ်လုပ်နေရသူတွေမှာ ဈေးတွေပိုမိုတောင်းခံနေရတယ်လို့ သိရပါတယ်။

အရင်က မြောက်ဦးမြို့နဲ့ စစ်တွေမြို့ကိုသွားလာတဲ့အခါ ကားခအနေနဲ့ ခရီးသည်တဦးကို ကျပ် (၁) သောင်းသာ ကျသင့်ပေးမယ့် အခုအချိန်မှာ ကျပ် (၁၅၀၀၀) အထိ မြင့်တက်သွားပြီး ရခိုင်ကနေ ရန်ကုန်ကိုသွားတဲ့ကားခတွေဟာလည်း ကျပ် (၆) သောင်းခွဲထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်တာကာလက မြန်မာနိုင်ငံအတွင်း စက်သုံးဆီ (၁) လီတာကို ကျပ် (၁)ထောင်အထိသာအမြင့်ဆုံးအထိ ရှိခဲ့တဲ့ဈေးနှုန်းဟာ အခုဆိုရင် စက်သုံးဆီတစ်လီတာကို ကျပ် (၃) ထောင်ကျော်အထိရောင်းချနေကြတဲ့အတွက် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်ပြီး အခြေခံလူတန်းစားတွေအနေနဲ့ ဘဝရှင်သန်ရာမှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #စက်သုံးဆီပြတ်လပ် #စီးပွားရေးသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW