အကျဉ်းထောင်၊ရဲချုပ်စခန်း ၂၇ ခုမှာ ကျန်းမာရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာလိုအပ်ချက် အများဆုံးတွေ့ရှိတယ်လို့ လူ့အခွင့်ရေးကော်မရှင်ထုတ်ပြန်

ဇွန် ၅-၂၀၂၂
GG(VOM)

အကျဉ်းထောင်၊ အကျဉ်းစခန်းနဲ့ ရဲအချုပ်စခန်းတွေကို စစ်ဆေးခဲ့ရာမှာ အကျဉ်းသားတွေအပေါ် ကျန်းမာရေးစောက်ရှောက်မှုနဲ့ အုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်တွေ အများဆုံးတွေ့ရှိရတယ်လို့ မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်(MNHRC)ရဲ့ထုတ်ပြန်မှုအရသိရပါတယ်။

MNHRCအနေနဲ့ တိုင်းနဲ့ပြည်နယ်အချို့က အကျဉ်းထောင် ၈ခု၊ အချုပ်ထောင်၂ခု၊အကျဉ်းစခန်း၇ခု၊ရဲအချုပ်စခန်း ၁၀ ခုကို သွားရောက်ပြီး ကုလသမဂ္ဂက ပြဋ္ဌာန်းထားတဲ့ အကျဉ်းသားတွေအပေါ် ပြုမူဆက်ဆံမှုနဲ့ပတ်သက်လို့ အနိမ့်ဆုံးစံနှုန်းတွေနဲ့ ညီ၊မညီကို ၂၀၂၂ ခုနှစ်ကနေ မေလအထိ အချိန်ယူစစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ဆေးမှုအရ ကျန်းမာရေးဆိုင်ရာ အချက် ၄၉ ချက်၊ အုပ်ချုပ်မှုဆိုင်ရာ ၄၃ ချက်၊အဆောက်အဦးဆိုင်ရာ ၂၃ ချက်၊ ပညာရေးဆိုင်ရာ ၁ ချက်၊ သန့်ရှင်းရေးဆိုင်ရာ ၅ ချက်၊ သောက်သုံးရေဆိုင်ရာ ၂ ချက်၊ အစားအသောက်ဆိုင်ရာ ၁ ချက် နဲ့ စုစုပေါင်း ၁၂၄ ချက် ရှိတယ်လို့ သိရပါတယ်။

အဲဒီအချက်တွေကို သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းကို တင်ပြခဲ့ရာ ၉၉ ချက်ကို ပြန်ကြားလာပြီး၊ ၂၅ ချက်ပြန်ကြားဖို့ ကျန်ရှိနေသေးကြောင်း၊ ပြန်ကြားလာတဲ့ ၉၉ ချက်အနက် ၆၅ ချက်ကို ဆောင်ရွက်ပြီးစီးကာ ၃၄ ချက် ဆောင်ရွက်ဖို့ ကျန်ရှိနေသေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

” အကိုတို့အဖမ်းခံရတော့ ရိုက်နှက်ပြီးဖမ်းခံရတယ်။အထဲကျတော့လည်း ရိုက်ခံရသေးတာပဲ။ ကျန်းမာရေးစောင့်ရှောက်မှုက လိုအပ်တဲ့အချိန်တိုင်းမရဘူး၊အရမ်းဆိုးဝါးတာမျိုးလောက်မှပဲ အနည်းအပါးရတယ်။ အထဲမှာက အကုန်လုံးကြောက်နေရတာမျိုးပေါ့။ ရောက်တာ ကြာတော့မှ အရိုက်အနှက်မရှိတော့ဘူး၊ နည်းနည်းအထိုင်ကျလာတဲ့သဘော၊ မိသားစုနဲ့ဆက်သွယ်ရတယ်၊ အစားအသောက်တွေကို ထောင်တာဝန်ခံဆီကနေရတယ်။ အပြည့်ရတာ နည်းတယ်။ အပြင်ကို မိသားစုဆီ စာရေးချင်ရင် ပိုက်ဆံပေးရတယ်။ အခက်အခဲတွေကတော့အများကြီးပါပဲ”လို့ ဆန္ဒပြပွဲမှာ ဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသူတဦးကပြောပါတယ်။

လူအခွင့်အရေးကော်မရှင်စစ်ဆေးခဲ့တာတွေကတော့ ကျိုင်းတုံအကျဉ်းထောင် ၊ မြိတ် ၊မအူပင်၊ဟင်္သာတ၊လားရှိုး၊မြစ်ကြီးနား၊ညောင်ဦး၊ညောင်ရွှေ တို့ဖြစ်ပြီး အချုပ်ထောင်အနေနဲ့က နေပြည်တော်အချုပ်ထောင်၊တောင်ကြီးအချုပ်ထောင်တို့ဖြစ်ပါတယ်။

အကျဉ်းစခန်းတွေကတော့ ကျောက်ဖြူတောင်၊ ဆင်ဖြူရှင် ၊ ကင်းသာ ၁ ၊ကင်းသာ ၂၊တောင်လေးလုံး ၊ထီးခန်း၊ဘန်းကန်တို့ဖြစ်ပါတယ်။

ရဲစခန်းအချုပ်ခန်းတွေကတော့ မြိတ်မြို့မ ၊ လားရှိုးမြို့မ ၊ တာချီလိတ်မြို့မ၊ ကျိုင်းတုံမြို့မ ၊ လားရှိုးနယ်မြေ၊ မြစ်ကြီးနားမြို့မ၊ညောင်ဦးမြို့မ ၊ပုဂံနယ်မြေ ၊ တောင်ကြီးမြို့မ ၊ တောင်ကြီးနယ်မြေ တို့ဖြစ်ပါတယ်။

အကျဉ်းထောင်တွေက အကျဉ်းသား ၅၃၄၈ ဦး၊ အချုပ်သား ၂၅၂၃ ဦး ၊ အကျဉ်းစခန်းက အကျဉ်းသား ၁၀၀၇ ဦး ၊ ရဲစခန်းအချုပ်ခန်းက အချုပ်သား ၄၁၉ ဦး ကို တွေ့ဆုံခဲ့ပြီး ကြည့်ရှုစစ်ဆေးခဲ့တဲ့အပြင် အကျဉ်းသူအကျဉ်းသား၊အချုပ်သူအချုပ်သား ၃၀ ကိုလည်းသီးခြားတွေ့ဆုံးမေးမြန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အကျဉ်းထောင်း #အကျဉ်းသားလိုအပ်ချက် #လူအခွင့်အရေးကော်မရှင်

Related posts

Leave a Comment

VOM News

FREE
VIEW