ဆူးငှက်
“မိုးရေတွေ အဖွေးသားနဲ့
ထွန်ရေးသွား မပြင်နိုင်။
တဲဝက ထိုင်။
မိုးသီးကဖြိုင်၊ တိမ်စိုင်က မှေး
လယ်ကွင်း ဒလဟောနဲ့
ဆင်တန်ဆာ ယဉ်ပါဘိတယ်
ပြည့်တွက်မို့လေး …”
ကျွန်တော်က ကဗျာကို ဖတ်ရင်းပျော်ရွှင်လာသည်။ ခုနစ်တန်း ရှစ်တန်းအရွယ်မို့ ကဗျာပါ စာသားတွေ၏
အဓိပ္ပာယ်ကို ဂဃနဏ မသိ… ။ သို့သော် ကဗျာလေးဖတ်ပြီး ကြည်နူးလာသည်။ သည်စာမျက်နှာမှာပဲ နောက်ထပ် ကဗျာတစ်ပုဒ် ပါလာသည်။ ကျွန်တော် ဝမ်းသာသွားသည်။ ဖတ်ဦးမှလေ …
“ငှက်ကလေး သေးသွယ်
လှိုင်းကို စီးတော့မယ်၊
ချစ်စဖွယ် မည်တဲ့တေး
ဝန်းကျင် အနှံ့ကွေး
ညနေအေး ဆည်းဆာရွှင်
သာလှပေတယ် ထင်
လှိုင်းဘောင်ဘင်နဲ့ သူ ချိုတေး
ခင်မင်မိတယ်လေး …” … တဲ့။
ကဗျာတွေကို ပုံနှိပ်ဖော်ပြထားသော သတင်းစာက ၁၀နှစ်ကျော် သက်တမ်းရှိပြီမို့ ဝါကျင်နေသည်။ ဦးလေးက ထိုသတင်းစာများကို သေချာထပ်စီထား၏။ အလွန်လည်း ရိုသေ၏။ သတင်းစာတွေက အရွယ်အစားကြီးပြီး ဟောင်းနွမ်းနေပြီမို့ ကျွန်တော် ယူ၍ ဖတ်သည်ကို ဝမ်းသာကျေနပ်သော်လည်း စုတ်ပြဲသွားမှာ စိုးရိမ်တကြီးဖြစ်နေသည်။ သို့သော် သတင်းစာကို တစ်ရွက်ချင်း သေသေချာချာ လှန်၍ ဂရုတစိုက် ဖတ်တာမြင်တော့ စိတ်ချသည်။
ကျွန်တော်က ကျောင်းပိတ်ရက်ဆိုလျှင် ဦးလေး၏ အိမ်ကလေးသို့ အမြဲလိုလိုရောက်ဖြစ်၏။ သူ့အိမ်လေးက ၂ခန်း ၁ခန်း ရှည်ရှည်လေး။ သည်အခန်းလေးထဲ ကုတင်ရှိသည်။ ကုတင်ဘေးမှာ သတင်းစာတွေကို အထပ်လိုက် စီစီ ရီရီ ပုံထားသည်။ လူတစ်ရပ်သာသာ အမြင့်ရှိသည့် စင်ပေါ်မှာလည်း မဂ္ဂဇင်းစာအုပ်ဟောင်းတွေရှိသည်။ မဂ္ဂဇင်းစာအုပ်ဟောင်းတွေက မြဝတီ၊ ရှုမဝ၊ သွေးသောက်တို့က အများဆုံးဖြစ်သည်။ သတင်းစာအဟောင်းတွေကတော့“လူထု” တစ်မျိုးတည်းဖြစ်၏။ ဤသို့ဖြင့် ကျွန်တော်၏ လူပျိုပေါက်အရွယ် စိတ်ဝင်စားစရာများတွင် ဦးလေးအခန်းထဲက သတင်းစာဟောင်းအထပ်ကြီးက အဓိက အဆွဲဆောင်ဆုံးဖြစ်ခဲ့ပါ၏။
ဦးလေး၏ အိမ်ကလေးက အများသုံး ရေတွင်းကြီးဘေးမှာရှိသည်။ နေ့လယ်နေ့ခင်း ရေချိုးသွားပြီဆိုလျှင် ရေတွင်းဆီ တော်တော်နှင့်မရောက်ဖြစ်တော့ …။ ရေလဲပုဆိုး စလွယ်သိုင်းပြီး သတင်းစာဟောင်းတွေ လှန်ဖြစ်တော့သည်။ ကျွန်တော်ဖတ်နေသော ကဗျာ၂ပုဒ်ပါသည့် သတင်းစာက ၁၉၅၄ ခု၊ ဇူလိုင်လ ၁၅ ရက်နေ့ထုတ် လူထုသတင်းစာဖြစ်၏။ ဦးလေးဆီမှာ ၁၉၅၃ ခုလောက်မှစ၍ လူထုသတင်းစာ ပိတ်သိမ်းသည့် ၁၉၆၄ ခုနှစ်အထိ သတင်းစာတွေ စုထားသည်။ နေ့စဉ် အစုံအလင်တော့ မဟုတ် …။ သူကြိုက်သည့် ဆောင်းပါးနှင့် ကဗျာများပါသည့် သတင်းစာတွေဖြစ်မည်။ စောင်ရေ နှစ်ရာ သုံးရာတော့ ရှိမှာပေါ့ …။
ကျွန်တော်သည်ကျာင်းပိတ်ရက်တိုင်း ဦးလေး၏ သတင်းစာပုံဆီရာက်သွားသည်။ ၁၀နှစ်ကျော် ၁၅ နှစ်ဝန်းကျင်အဟောင်းတွေနှင့် သတင်းစာတွေက သမိုင်းအချက်အလက်တွေမို့ စိတ်ဝင်စားသည်။ “တရုတ်မြန်မာ နယ်နိမိတ် ရွာ ၃ရွာ၊ နှစ်ဦးနှစ်ဖက် လွှဲပြောင်းပေးလိုက်ကြပြီ” ဟူသော သတင်းမျိုးကိုတော့ သေချာနားမလည်လို့ ဦးလေးကိုမေးရ၏။ (မှတ်မှတ်ရရ ထိုသတင်းနှင့်ပတ်သက်၍ မရှင်းမလင်းဖြစ်ခဲ့သော်လည်း ၁၉၈၉ ခုနှစ်လောက်ရောက်မှ ဦးတင်မောင်ရင်၏ ခေတ်မြန်မာတည်ဟန် စာအုပ်ကို ပြန်ဖတ်ရသည်။)
“ဗုဒ္ဓဘာသာ၊ နိုင်ငံတော်ဘာသာဖြစ်ပြီ” ဟူသော သတင်းမျိုးကိုတော့ နားလည်မိ၏။ “ငလျင်ကြောင့် နာရီပိုင်းအတွင်း မြို့ပျက် ကြီးဖြစ်ရတဲ့ စစ်ကိုင်း” ဟူသော သတင်းနှင့် “မန္တလေးယူနီဗာစီတီ၏ ပထမနေ့” ဟူသော သတင်းဆောင်းပါးမျိုးက ရသပါသည်။ ဖတ်လိုက်ရသည်နှင့် မြိုးမြိုးမျက်မျက်နှင့် ထင်းခနဲ၊ လင်းခနဲ ဖြစ်ရသည်က “အမျိုးသားယဉ်ကျေးမှုကို ခြံခတ်ထိုက်သလော” ဟူသည့် ဆောင်းပါးဖြစ်သည်။ ရေးသားသူက လူထုဒေါ်အမာဖြစ်သည်။ လူထုဦးလှ၏ “သတင်းစာဆရာ” ဟူသော ဆောင်းပါးကလည်း စိတ်ဝင်စားဖွယ်ပင်။ အထူးသဖြင့် “လှုပ်ရှားနေသော ကမ္ဘာ” ပင်တိုင်အခန်းကိုလည်းကြိုက်သည်။ မလွတ်တမ်း ဖတ်မိသည်။ နိုင်ငံတကာရေးရာများကို ပြည်သူလူထုဖက်က အမြင်ဖြင့် ရေးသားထားခြင်းဖြစ်၏။ အရေးအသား ရိုးရိုးရှင်းရှင်းနှင့် “ဖခင်အောင်နိုင်” အခန်းကိုလည်း ကြိုက်သည်။ ထိုအခန်း နှစ်ခန်းစလုံးကို ရေးသားသူမှာ လူထုဒေါ်အမာဖြစ်သည်။
၁၉၅၇ ခု၊ ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် လူထုသတင်းစာမှ “ဆိုင်းတန်းနေပြည်တော် အသံထွက် ရုပ်ရှင်ရုံကြီးကို ပြာသိုလပြည့်ကျော် ၄၊ ၅၊ ၆ ရက်နေ့များမှာ မန္တလေးစာရေးဆရာအသင်းက ကြီးမှူးကပြမည့် အင်္ဂါမာလ ရေသည်ပြဇာတ်နှင့် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ပြာသိုလပြည့်ကျော် ၇ ရက်နေ့မှစပြီး ဗြိတိသျှဘားမား ရုပ်ရှင်က ဖူးစာနှစ်ခိုင် ဇာတ်ကား စတင်ပြသမည်ဆိုတဲ့ သတင်းမျိုးကလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။
ကျွန်တော်မွးဖွားကြီးပြင်းသည်က မန္တလေး အနောက်ပြင် မဟာလောကရံသီအိမ်တော်ရာစေတီတော် တောင်ဖက်မုခ်ရှိ ဒက္ခိဏဝန်ကျောင်းတိုက်၏တောင်ဘက်ကပ်လျက် စိုင်ပြွန်ရိပ်သာဝင်းအတွင်းဖြစ်သည်။ ထို့ကြောင့် အိမ်တော်ရာ ဘုရားဝင်းအတွင်း တောင်ဘက်စောင်းတန်း၊ အရုဏ်ခံ ကျောက်ချောဇရပ်၊ ဘုတလင်ဇရပ်၊ နောင်တော်ကြီး ဘုရား၊ ခုနစ်နေ့ ခုနစ်နံဇရပ်၊ ကျိုက်ထီးရိုးဘုရား၊ သံဇရပ်၊ ဒေါ်ကြမ်းဇရပ်၊ ဦးကျော်ဇရပ်နှင့် ဆယ့်လေးခန်းဇရပ်တို့သည် ကျွန်တော်တို့ အမြဲမပြတ်ရာက်ရှိ နားခိုဆော့ကစားသည့်နေရာများဖြစ်သည်။ ထိုသာသနိက နေရာများအနက် ဆယ့်လေးခန်းဇရပ်ကြီးကတော့ နားခိုဆော့ကစားဖို့ထက် ဘာသာရေးအရ လေ့လာမှတ်သား နာယူစရာ ဇရပ်ကြီးလည်းဖြစ်၏။ လူထုသတင်းစာ အဟောင်းတွေ ပြန်ဖတ်တော့ အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်ကြီး၏ သမိုင်းဝင်ဖြစ်ရပ်တွေကို သိရှိလာတော့ အမျိုးသားအမွေအနှစ်အဖြစ် အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်ကြီးကို သိမြင်လာသည်။
၁၉၆၁ ခု၊ မတ်လ ၁ရက်နေ့က အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်ကြီးမှာ မြန်မာ့မြေပေါ် ကျူးကျော်လာတဲ့ တရုတ်ဖြူတိုက်ထုတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်ချဲ့ ဆန့်ကျင်ရေး ဆန္ဒပြအစည်းအဝေးကြီး ကျင်းပသတဲ့။ ၁၉၆၁ ခု၊ မတ်လ ၂၇ ရက်နေ့မှာလည်း ၁၆ကြိမ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်မှာ ကျင်းပသတဲ့။
အဲဒါတွင်လား …။ မဟုတ်သေး …။ နောက်ကြောင်းပြန်ကြည့်ကြဦးစို့။ ၁၉၅၄ ခု စက်တင်ဘာ ၁၂ ရက်နေ့က ကျောင်းများမှာ ဗုဒ္ဓဘာသာသင်ခန်းစာ ပြန်သင်ပေးရန်နှင့်၊ နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းပေးရန် ဆန္ဒပြုအစည်းအဝေးကြီးကို အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်မှာ နေ့လယ် ၁နာရီက ကျင်းပတော့ လူတစ်သောင်းကျော် တက်ရောက်သတဲ့။ ၁၉၅၆ ခု၊ ဖေဖော်ဝါရီ ၅ ရက်နေ့က မန္တလေးခရိုင် ပမညတက ကြီးမှူးပြီး ပြည်တွင်းငြိမ်းချမ်းရေး လူထုဆန္ဒပြပွဲကို အိမ်တော်ရာဆယ့်လေးခန်းဇရပ်တွင် ကျင်းပသည်။ မန္တလေးတရားပွဲများ ရာဇဝင်တွင် အကြီးမားဆုံးဟု လူထုသတင်းစာက သတင်းပေးသည်။
ထိုနှစ် မတ်လ ၂၆ ရက်နေ့က ပါဠိတက္ကသိုလ်စာမေးပွဲ ရက်ရွှေ့သည်ကို မကျေနပ်သော ပါဠိတက္ကသိုလ်စာသင်သားများက အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်တွင် စုစည်းတောင်းဆိုကြသည်။ ထို့နောက်၊ နောက်ရက် မတ်လ ၂၆ ရက်မှာလည်း အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်တွင် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် ထိုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက မန္တလေးလးပြင်လေးရပ်မှ ဆရာတော်ကြီးများကို ပင့်ဖိတ်ဆွမ်းကပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေ ပန်ကြားလွှာ ဆက်ကပ်သည်။ ဆရာတော်ကြီးများ သာဓုခေါ်ကြ၏။န့ ပိုင်းတွင် အိမ်တော်ရာဆယ့်လေးခန်းဇရပ်၌ ပြည်တွင်းငြိမ်းချမ်းရေး လူထုဆန္ဒပြပွဲကြီး ကျင်းပခဲ့သည်။
၁၉၅၇ မတ်လ (၁၃၊ ၁၄၊ ၁၅)၊ ၁၃၁၈ ခု တပေါင်းလဆန်း ၁၃၊ ၁၄၊ ၁၅ ရက်နေ့များကလည်း မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းထိုင်ဆရာတော်များအဖွဲ့ချုပ်ကြီး၏ နှစ်ပတ်လည်အစည်းအဝေးကို အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်ကြီး၌ ကျင်းပရာ တစ်ပြည်လုံးမှ ကျောင်းထိုင်ဆရာတော် အပါး ၆၀၀ အပါအဝင် မန္တလေးသံဃာများ စုစုပေါင်း အပါး ၂၀၀၀ တက်ရောက်ခဲ့သည်။
ထိုနှစ် ဇန်နဝါရီလ(၈)ရက်နေ့ကလည်း တောင်ပိုင်း ရှမ်းပြည်နယ် နမ့်ခမ်းဆေးရုံက နာတာလူးပွဲမှာ ကပြခဲ့တဲ့ ပြဇာတ်က ဘာသာရေးပဋိပက္ခတွေဖြစ်စေနိုင်လို့ တားဆီးအရေးယူရန် တောင်းဆိုတဲ့ ရဟန်းငယ်များ၏ အစည်းအဝေးကိုလည်း အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်တွင် ကျင်းပခဲ့သည်။ ၁၉၅၉ ခု၊ဇန်နဝါရီလ၂ရက်နေ့တွင် တည်မြဲ ဖ.ဆ.ပ.လ အဖွဲ့ဌာနချုပ်၏ ခေါင်င်းဆောင် ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးဇံထားဆင်နှင့် “ဗလမစ” မှ ဒေါ်စိန်ပုတို့ အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်တွင် လူထုစည်းဝေးပွဲကျင်းပသည် …တဲ့။
အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်နှင့် ပတ်သက်သမျှတွေ သိရမှတ်ရသည်များက လူထုသတင်းစာမှချည်း ဖြစ်သည်။ ကျွန်တော့် … ဦးလေး၏ အိမ်ခန်းလေးထဲက လူထုသတင်းစာဟောင်းတွေကို လက်မလွှတ်နိုင်တော့ …။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး