စစ်ကိုင်းတိုင်းမှာ ၅ ရက်အတွင်း ပညာရေးဌာန ၃ ခု မီးလောင်

ဇွန် ၊ ၅-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်းမှာ ဒီလ ၅ ရက်အတွင်း ပညာရေးဌာနတွေဖြစ်တဲ့ မြို့နယ်ပညာရေးမှူးရုံး နဲ့ စာသင်ကျောင်းတွေ မီးလောင်ခဲ့တဲ့ဖြစ်စဥ်ဟာ ၃ ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းတိုင်း မီးသတ်အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ကလေးမြို့မှာ စာသင်ကျောင်း မီးလောင်တာ ၂ ကြိမ်နဲ့ တမူးမြို့မှာ မြို့နယ်ပညာရေးမှူးရုံး မီးလောင်တာ ၁ ကြိမ်ဖြစ်ခဲ့တယ် ” လို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ လကုန်ရက်က ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက် ၊ မြို့ပတ်လမ်းမှာရှိတဲ့ အမှတ် ၈ အခြေခံပညာအထက်တန်းကျောင်း မီးလောင်ခဲ့တာကြောင့် စာသင်ဆောင် ၂ ဆောင် မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ဒီလ ၂ ရက်နေ့ည ၁၀ နာရီဝန်းကျင်က ကလေးမြို့နယ် ၊ အင်ဒိုင်းကုန်ကျေးရွာမှာရှိတဲ့ အမှတ် ၉ အခြေခံပညာအထက်တန်းကျောင်းဝန်းထဲက ဆရာ / ဆရာမတွေနေတဲ့ အိမ်ယာလိုင်းခန်း မီးလောင်မှုဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီနောက် ဒီလ ၄ ရက်နေ့ ညနေပိုင်းက တမူးမြို့ ၊ စော်ဘွား ၇ ရပ်ကွက် မှာရှိတဲ့ တမူးမြို့နယ် ပညာရေးမှူးရုံး မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

” ဒီလထဲမှာ ပညာရေးဌာနတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာတွေ့ရတယ် ၊ အရင်နေ့ကလည်း ယင်းမာပင်မြို့နယ် ပညာရေးမှူးရုံးဘက်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတယ် ၊ အဆောက်အဦး ထိခိုက်ပျက်စီးတာ ဖြစ်တယ် ၊ နောက်ပြီး ဗန်းမောက်မြို့နယ်ထဲက စာသင်ကျောင်းအားလုံးနီးပါး ခြိမ်းခြောက်စာတွေ ကပ်ခံထားရတယ် ” လို့ စစ်ကိုင်းတိုင်း ပညာရေးအသိုင်းအဝိုင်း ဝန်ထမ်းတယောက်က ပြောပါတယ်။

ဒီလ ၂ ရက်ကစလို့ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်နေပြီဖြစ်ပေမယ့် စစ်ကိုင်းတိုင်းထဲက ဝက်လက်၊ ကောလင်း ၊ ထီးချိုင့် ၊ အင်းတော် ၊ ဗန်းမောက် ၊ ပင်လည်ဘူး ၊ ရေဦး ၊ ခင်ဦး ၊ တန့်ဆည် ၊ ကန့်ဘလူ ၊ ကလေး ၊ ကနီ ၊ မင်းကင်း ၊ ပုလဲ ၊ မြောင် စတဲ့မြို့နယ်တွေက စာသင်ကျောင်းအများစုဟာ ပြန်လည်ဖွင့်နိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။

Photo-တမူးမြို့နယ်ပညာရေးမှူးရုံး မီးလောင်နေပုံ
#voiceofmyanmar #VOM #စစ်ကိုင်း #၅ရက်အတွင်း #ပညာရေးဌာနမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW