ပေါက်ခေါင်းမြို့က ကျေးရွာတခုမှာ ညီဖြစ်သူ အသတ်ခံရလို့ အကိုဖြစ်သူက လူ၃ယောက်ကို ပြန်သတ်

ဇွန် ၅-၂၀၂၂
GG(VOM)

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ၄လောင်းပြိုင် လူသတ်မှု မနေ့ဇွန်လ ၄ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပေါက်ခေါင်းမြို့နာရေးကူညီမှုအသင်းဆီက သိရပါတယ်။

သေဆုံးသူတွေဟာ ညောင်ကုန်းရွာဒေသခံတွေဖြစ်ပြီး ဖဲဝိုင်းမှာ စကားများရန်ဖြစ်ပြီးနောက် နေအိမ်မှာ ဓားနဲ့ခုတ်ပြီးအသတ်ခံရတာဖြစ်ကြောင်းနဲ့ သေဆုံးသူ၄ ဦးမှာ လည်ပင်းဓားခုတ်ဒဏ်ရာတွေ သေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။

” မနေ့ကည ၁၀ နာရီလောက်ကဖြစ်တာ၊ သူတို့ပြောပုံအရဆိုရင် ဖဲဝိုင်းမှာစကားများတာလို့ ပြောတယ်။စကားများပြီးတော့ တရားခံရဲ့ညီကို သားအဖ၂ယောက်ထဲက သားကနေ သတ်လိုက်တယ်၊အဲ့ဒီမှာ အကိုဖြစ်သူက သူ့ညီသေလို့ဆိုပြီး အဲ့ဒီသားအဖနှစ်ယောက်ကို ထပ်ပြီးလာခုတ်တယ် သေသွားတယ်၊ခုတ်ပြီးတော့ နောက်ထပ်ကျန်တဲ့ဦးလေးကိုပါ ရွာပြင်ထိ လိုက်ခုတ်တော့ သေသွားတယ်၊သေတာက သားအဖနှစ်ယောက်နဲ့ဦးလေး၊ တရားခံ ညီရောဆို၄ယောက်ပေါ့။ “လို့ ပေါက်ခေါင်းနာကူအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။

လက်ရှိမှာ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းနဲ့ ဖမ်းဆီးရမိရေးကို ပေါက်ခေါင်းရဲစခန်းက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အသတ်ခံရသူတွေထဲက သားဖြစ်သူ၊အဖေနဲ့ဦးလေးဆိုသူကိုတော့ ပေါက်ခေါင်းပြည်သူ့ဆေးရုံမှာ ရင်ခွဲစစ်ဆေးပြီး ဒီနေ့နေ့လယ်မှာပဲ မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

တရားခံရဲ့ညီဖြစ်သူကိုတော့ ညောင်ကုန်းရွာကိုပြန်လည်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

“အသက်တွေက ကြီးတဲ့သူများတယ်၊သားဆိုတာတောင်၄၅ လောက်တော့ရှိမယ်၊ ဒဏ်ရာကတော့ ဓားနဲ့ဆိုတော့ လည်ပင်းတွေပြတ်တာရှိမယ် ရိုက်ထားတာတွေရှိမယ်၊အဓိကသေတာတော့ ဓားနဲ့ခုတ်လို့ လည်ပင်းပြတွပြီးသေတာပဲ။ “လို့ ပေါက်ခေါင်းနာ/ကူအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့မှာ လူသတ်မှုတွေဖြစ်ပေါ်တာရှိပေမယ့် အခုလို ၄လောင်းပြိုင်လူသတ်မှုဖြစ်စဉ်က မရှိသလောက်အခြေအနေမျိုးဖြစ်တယ်လို့ ဒေသခံတွေက မှတ်ချက်ပြုပါတယ်။

#voiceofmyanmar #VOM #ကော့သောင်း #ရနောင်းဂိတ် #ဖွင့်ပြီး၃ရက်အကြာမှာ #ပြန်ပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW