တောင်ဥက္ကလာပမှာ ယာဥ်(၅)စီးဆင့်တိုက် လူ(၃)ဦးဒဏ်ရာရ

ဇွန် ၈၊၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၁ ရပ်ကွက်၊ ဝေဇယန္တာလမ်းရှိ City Mart ရှေ့မှာ ဒီကနေ့ မနက် ရှစ်နာရီက ယာဥ်(၅)စီးဆင့်တိုက်ခဲ့ရာ လူ(၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ကိုယ်ပိုင်ကားလေးစီးနဲ့ကုမ္ပဏီကားတစီးတိုက်မိခဲ့တာဖြစ်ပြီး လူ(၃)ဦးထိခိုက်ဒဏ်ရာရရှိကာ စတင်တိုက်ခဲ့တဲ့ယာဥ်မောင်းဖြစ်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ကိုယ်ပိုင်ကားတစီးက အရှိန်ပြင်းပြင်းနဲ့မောင်းလာတော့ မီးပွိုင့်မှာ ရပ်ထားတဲ့ကားတွေကို ဝင်တိုက်တာ၊ အဲ့ဒီကနေ ၄စီးဆင့်တိုက်သွားတာ စက်ဘီးတစ်စီးရော တွန်းလှည်းနဲ့စျေးရောင်းတဲ့သူပါထိသွားတယ်၊ အဲ့ဒီယာဥ်မောင်းက ထွက်ပြေးတာ၊ ရပ်ကွက်ကလူတွေက ဝိုင်းဖမ်းလိုက်တယ်”လို့ သူကပြောပါတယ်။

အဲ့ဒီယာဥ်တိုက်မှုကြောင့် လူ(၃)ဦးဒဏ်ရာရရှိခဲ့လို့ သင်္ဃန်းကျွန်းစံပြဆေးရုံကို ဆေးကုသမှုခံယူဖို့ လူနာတင်ယာဥ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ မေတ္တာသီတာရေစင်လူမှုကူညီမှုအသင်းက သိရပါတယ်။

လက်တလောမှာ ယာဥ်ထိန်းရဲတွေရောက်ရှိလာပြီးယာဥ်တိုက်မှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကလည်း သင်္ဃန်းကျွန်းမြို့နယ်၊ ပေါ်ဆန်မွှေးလမ်းမပေါ်မှာ ဆောက်လုပ်ရေးအလုပ်သမားကြိုပို့ယာဉ်ကို ကားတစ်စီးက ဝင်တိုက်ခဲ့လို့ လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ရန်ကုန်တိုင်းမှာ မေလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၄၂၁ မှုဖြစ်ပွားခဲ့ပြီး ၂၃၇ ဦးသေဆုံးကာ ၄၂၁ ဦးတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ အမှတ်(၂)ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)ကနေ သိရပါတယ်။

Photo-သုခကာရီ လူမှုကူညီရေးအသင်း
#voiceofmyanmar #VOM #ရန်ကုန် #ယာဉ်၅စီးဆင့်တိုက် #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW