ပုသိမ်မှာ စက်သုံးဆီပြတ်လပ်နေလို့ ဆီဆိုင်အားလုံးနီးပါး အရောင်းရပ်ထားရ

ဇွန်လ ၉-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ပုသိမ်မြို့မှာ စက်သုံးဆီ ဒီဇယ်နဲ့ဓာတ်ဆီ တွေ ပြတ်လတ်မှုဖြစ်နေတာကြောင့် ဆီဆိုင် ၁၇ဆိုင်ရှိရာ ၁၄ဆိုင်ထက်မနည်း အရောင်းရပ်ဆိုင်းထားလိုက်ရပြီလို့ ပုသိမ်မြို့စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

“လက်ရှိ စက်သုံးဆီက လိုသလိုမရတဲ့အတွက် ရောင်းရတာ အဆင်မပြေတော့လို့ ပိတ်ထားတာပါ။ပုသိမ်မှာဆို ဆီဆိုင်တော်တော်များများလည်း ပိတ်ထားတာတွေ့လာ
ရတယ်။ဆီရောင်းရတာကလည်း ရောင်းတဲ့ဘက်ရော ဝယ်တဲ့ဘက်ရော ဘယ်လိုမှအဆင်မပြေတဲ့အခြေအနေရောက်နေလို့ ပိတ်လိုက်ရတာပါ။”လို့ ပုသိမ်မြို့ရှိ ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပုသိမ်မြို့ပေါ်မှာ ဆီပန့်ဆိုင်အကြီး ၁၇ ဆိုင်ခန့်အထိရှိရာ ဒီကနေ့အထိ ဆီဆိုင် ၁၄ ဆိုင်မှာ ဆီအရောင်းရပ်ဆိုင်းထားလိုက်ရတာကြောင့် စက်ဆုံးဆီကို အဓိကအသုံးပြုလုပ်ကိုင်နေရတဲ့ ပို့ဆောင်ရေးလုပ်ငန်း၊အသေးစား၊အလတ်စားအိမ်တွင်းမှု၊ စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်သူတွေ အခက်အခဲဖြစ်ပေါ် နေတယ်လို့သိရပါတယ်။

ပုသိမ်ကTaxi အငှားယာဉ်မောင်းလုပ်ကိုင်သူတဦးက”ကျွန်တော်တို့အနေနဲ့က တော်တော်ကို အခက်အခဲရှိနေတာပါ။နိုင်ငံရေးနဲ့ကိုဗစ်အခြေအနေကြောင့်ခရီးသည်တွေသွားလာမှု လျော့နည်းနေတဲ့အချိန် ရသလိုလေးလုပ်နေရတာပါ။တခါ ဆီဈေးတက်လို့ ကားဈေးတက်လိုက်တော့ စီးတဲ့သူကမရှိသလောက်ဖြစ်သွားတယ်။အခုတော့ ဆီဝယ်မရလို့ မဆွဲရတဲ့ရက်ကများနေတယ်။”လို့ ပြောပါတယ်။

ပုသိမ်မြို့မှာ ဇွန် ၁ ရက်ကနေ ဒီကနေ့ ဇွန်၉ရက်အထိ ဓာတ်ဆီ 92 တလီတာ ၂၄၀၀ ကျပ်၊ဓာတ်ဆီ 95တလီတာ ၂၅၅၅ ကျပ်၊ဒီဇယ် တဂါလံ ၂၄၁၂၅ကျပ်ဈေးပေါက်နေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပုသိမ်မြို့မှာ တစ်ရက်နဲ့တစ်ရက် စက်သုံးဆီကို တန်းစီစောင့်ဝယ်ရတာ၊လိုအပ်သလောက်ဝယ်မရတာ၊အိမ်ဆိုင်တွေမှာ ဆီဈေးမြင့်တက်နေတာကြောင့်Taxi ငှားရမ်းခလည်း မြင့်တက်လာလို့ Taxကို အဓိကအသုံးပြုသွားလာနေရတဲ့အလုပ်သမားတွေကလည်း အလုပ် အသွား/အပြန်စရိတ်နဲ့ ရတဲ့လစာ တွက်ခြေမကိုက်ဖြစ်နေတယ်လို့ ပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း MPTA ကတော့ ပြည်တွင်းမှာ Ron 92/Ron 95 တွေကို Terminal တွေကနေ အဆက်မပြတ်ထုတ်ပေးနေတယ်လို့ မေလ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

မေလ ၂၂ ရက်နေ့တုန်းကလည်း မြန်မာနိုင်ငံကို တန်ချိန်ပေါင်း ဓာတ်ဆီ ၁၇၂၀၀ သယ်ဆောင်လာတဲ့ MT YU HAI သင်္ဘော နဲ့ တန်ချိန်ပေါင်း (20000)သယ်ဆောင်လာတဲ့ Aberlour သင်္ဘော ၂ စီးရောက်ရှိထားတယ်လို MPTA က ပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #စက်သုံးဆီ #ပြတ်လပ်

Related posts

Leave a Comment

VOM News

FREE
VIEW