မုံရွာမြို့မှာ အနုကြမ်းစီးတဲ့ လူငယ် ၅ ဦးကို ရပ်ကွက်က ဝိုင်းဖမ်း

ဇွန် ၊ ၁၀-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့၊ ပြည်တော်သာ ( အက်တော) ရပ်ကွက်မှာရှိတဲ့ ကုန်စုံဆိုင်တဆိုင်ဟာ ဒီကနေ့ ၊ နေ့လယ် ၁၂ နာရီဝန်းကျင်က အနုကြမ်းစီးခံရတဲ့ဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ ပြည်တော်သာရပ်ကွက်နေသူတွေဆီက သိရပါတယ်။

” ဆိုင်ပိုင်ရှင် လင်မယားနဲ့ အိမ်အကူကောင်မလေးတို့ဟာ ဆိုင်ရှေ့ထွက်ပြီး ထိုင်နေတဲ့အချိန် မျက်နှာဖုံးစွပ် လူငယ် ၅ ယောက်က ဆိုင်ထဲကိုဝင်လာပြီး အိမ်အကူကောင်မလေးကို ဓားနဲ့ထောက်ပြီး အိမ်ရှင် လင်မယား ၂ ယောက်ရော ထိုင်ခိုင်းထားတယ် ၊ ကျန်တဲ့လူတွေ စျေးရောင်းရငွေတွေကို ရှာဖွေပြီး ယူဆောင်ထွက်ပြေးသွားတာပါ ၊ အဲ့ဒီအချိန် အနီးက မြင်လိုက်တဲ့သူတွေက ဝိုင်းဖမ်းလိုက်တော့ အနုကြမ်းစီးတဲ့ လူ ၅ ယောက်စလုံးကို ဖမ်းမိတာ”လို့ ပြည်တော်သာရပ်ကွက်နေတဲ့ ဒေသခံတယောက်က ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက” အဲ့ဒီ ကုန်စုံဆိုင်ကို ဝင်လုယက်တဲ့ လူငယ် ၅ ယောက်ကို အမှုဖွင့်အရေးယူဖို့ စခန်းမှာ ချုပ်နှောင်ထားပါတယ် ၊ ပြစ်မှုကျူးလွန်သူတွေက သန်းဇော်ထွန်း ၊ ဟိန်းဇော် ၊ ထွန်းထွန်းဝင်း ၊ထွဋ်ခေါင်မင်း ၊ အဲ့ဒီ ၄ ယောက်က ရတနာပုံ အမှတ် ၇ လမ်းဘက်က ဖြစ်တယ် ၊ ချမ်းငြိမ်းထွန်း ဆိုတဲ့သူကတော့ လယ်တီရပ်ကွက်က နေတယ် ၊ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ဓားမြှောင်း ၃ ချောင်း နဲ့အတူ ပိုက်ဆံ ၉ သောင်းပါ သိမ်းဆည်းရမိတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့ပေါ်က မြို့ပြလူနေရပ်ကွက်ထဲမှာ ၅ ရက်အတွင်း အနုကြမ်းဝင်စီးတဲ့ ဖြစ်စဥ် ၃ ခု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ အနုကြမ်းစီးမှု ဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး မုံရွာမြို့ခံတယောက်က ” ဒီလ ၆ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က ရတနာပုံ အမှတ် ၃ လမ်းက တိုက်အိမ် ၁ လုံးမှာ အနုကြမ်း ဝင်စီးခံရတယ် ၊ ပိုက်ဆံ သိန်း ၁၇၅၀ နဲ့ ရွှေ ၁၀ သားပါသွားတယ် ၊ ဒီလ ၈ ရက်နေ့ညနေပိုင်းမှာ ဘုန်းစိုးရပ်ကွက် ၊ နယ်မြေ ၃ ၊ စံပယ်လမ်းက တိုက်အိမ် ၁ လုံးကို အိမ်စီးကား အဖြူရောင်နဲ့ လူငယ် ၄ ယောက်က ဝင်ပြီး အနုကြမ်းဝင်စီးတယ် ၊ လက်ကောက် ၁၃ ကွင်းပါသွားတယ် ၊ ရွှေအတုလား ၊ အစစ်လားတော့ မပြောတတ်ဘူး ၊ ဒီကနေ့ အနုကြမ်းမှုရောဆို ၅ ရက်အတွင်း ၃ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့တာ “လို့ ပြောပါတယ်။

အဲ့ဒါကြောင့် မုံရွာမြို့ပေါ်မှာ ပိုက်ဆံအိတ်၊ ဖုန်း၊ ဆိုင်ကယ်တို့ လုယက်တာတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတဲ့အတွက် သက်ဆိုင်ရာအဖွဲ့တွေဟာ ပုံစံမျိုးစုံနဲ့ မြို့နေရာအနှံ့ကို ကင်းလှည့်နေတာတွေရှိတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #အနုကြမ်းစီးသူတွေ #ရပ်ကွက်ကဝိုင်းဖမ်း #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW