ဧရာဝတီတိုင်းမှာ ငါးရှဉ့်ဈေး ထိုးကျသွားလို့ ငါးရှဉ့်ရှာဖွေသူတွေနဲ့မွေးမြူသူတွေ အခက်အခဲဖြစ်နေ

ပုသိမ်၊ဇွန် ၁၀-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းမှာ ငါးရှဉ့်ဈေးနှုန်းထိုးကျသွားလို့
ငါးရှဉ့်မွေးမြူသူတွေနဲ့ငါးရှဉ့်ရှာဖွေသူတွေအခက်
အခဲဖြစ်နေကြတယ်လို့ ငါးရှဉ့်မွေးမြူသူတွေနဲ့ငါးရှဉ့်
ရှာဖွေသူတွေဆီကနေသိရပါတယ်။

ဧရာဝတီတိုင်းမှာ အရင်က ငါးရှဉ့်တပိသာကို ငွေကျပ် ၈၅၀၀ အထိ ဈေးရှိခဲ့ပြီး တရုတ်နိုင်ငံဘက်က ငါးရှဉ့်ကို ဇွန်လပထမအပတ်ကနေစတင်ပြီး ဝယ်ယူတာရပ်လိုက်တဲ့အတွက် ငါးရှဉ့်တပိသာကို ငွေကျပ် ၃၀၀၀ အထိသာ ဈေးရှိတော့တာကြောင့် မွေးမြူသူတွေနဲ့ငါးရှဉ့်ရှာဖွေသူတွေအခက်အခဲဖြစ်နေရတာလို့ သိရပါတယ်။

“ဒီလိုမိုးတွင်းအချိန် ချောင်း၊မြောင်းတွေမှာ ငါးရှဉ့်ထောင်တဲ့မြုံးတွေနဲ့ထောင်ပြီး ဖမ်းရတယ်။ဒီနှစ်အဖို့ ငါးရှဉ့်ဖမ်းဆီးရမိမှုကတော့ မဆိုးပါဘူး။လက်ရှိ ငါးရှဉ့်ဈေးက တအားထိုးကျနေတယ်။ဈေးကထိုးကျနေတော့ အရင်တုန်းက တနေ့ရှာ တပိသာရရင် ၈၅၀၀ အထိရတယ်။အခုတရက်ရှာလို့ ၃ ပိသာအထိက ၃ထောင်ဝန်းကျင်လောက်ပဲရတော့တယ်။ကုန်သည်တွေပြောတာကတော့ တရုတ်ကနေ အဝယ်ရပ်ထားတာမို့တဲ့။”လို့ မအူပင်မြို့၊ မလတ်တိုကျေးရွာက ငါးရှဉ့်ရှာဖွေတဲ့လုပ်ငန်း လုပ်ကိုင်သူတဦးကပြောပါတယ်။

ဧရာဝတီတိုင်းက ငါးရှဥ့်အဝယ်ဒိုင်တွေအနေနဲ့ ရန်ကုန်ကနေတဆင့် တရုတ်နိုင်ငံဘက်ကို စားသောက်ကုန်အဖြစ် တင်ပို့ရောင်းချနေပြီး လက်ရှိမှာ တင်ပို့မှုရပ်ထားရလို့ပြည်တွင်းမှာသာ ရောင်းချနေရတယ်လို့ သိရပါတယ်။

“ထိုင်းနိုင်ငံကလည်း လောလောဆယ် အဝယ်ရပ်ထားတယ်။ ဝယ်တော့လည်း ငါးရှဉ့်အကောင်ကြီးပဲဝယ်တာ။ တရုတ်ဘက်ကတော့ ငါးရှဉ့်အကောင်ကြီးကော၊အကောင်သေးပါဝယ်ပါတယ်။လက်ရှိ တရုတ်ဘက်က
အဝယ်ရပ်ထားတော့ ပြည်တွင်းမှာပဲ ရောင်းနေရလို့
အခက်အခဲဖြစ်နေကြတယ်။ပြည်တွင်းဈေးကွက်ကတော့ ပြည်တွင်းကငါးရှဉ့်လိုအပ်ချက်အရ ဒီလောက်ပဲ ဈေးပေါက်နေတာ။”လို့ ပုသိမ်မြို့က ငါးရှဉ့်အရောင်းအဝယ်လုပ်ငန်းရှင်တဦးကပြောပါတယ်။

ဧရာဝတီတိုင်းက သဘာဝအဆိုင်း ဖမ်းဆီးရရှိတဲ့ ငါးရှဉ့်နဲ့ မွေးမြူရေးလုပ်ငန်းကရရှိတဲ့ငါးရှဉ့် နှစ်မျိုးနှစ်စားရှိပြီး ငါးရှဉ့်မွေးမြူတဲ့လုပ်ငန်းကို ကျိုက်လတ်၊
ပုသိမ်၊မော်ကျွန်း၊မြောင်းမြ၊ဖျာပုံ၊မအူပင်၊ဘိုကလေးစတဲ့မြို့တွေက အဓိကလုပ်ကိုင်ကြတယ်လို့သိရပါတယ်။

ဒါ့အပြင် ဧရာဝတီက ကျေးလက်နေဒေသခံပြည်သူတွေဟာ ငါးရှဉ့်ကို မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ရှာဖွေလုပ်ကိုင်ကြပြီး ငါးရှဉ့်တွေ့ဟာ စပါးခင်းတွေနဲ့အခြားစိုက်ခင်းတွေ၊မြစ်ရိုးချောင်းရိုးနဲ့ရွှံ့နွံမြေကြီးအောက်တွေမှာ ကျက်စားတတ်တဲ့သတ္တဝါတွေဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #ငါးရှဉ့်ဈေးထိုးကျ #အခက်တွေ့နေ

Related posts

Leave a Comment

VOM News

FREE
VIEW