KBZ ATM စက် ၅၀နီးပါးမှာ ငွေသားပြန်ထုတ်နိုင်ပြီလို့ အသိပေးထားပေမယ့် တချို့ထုတ်မရဖြစ်နေသေး

ဇွန် ၁၀-၂၀၂၂
VOM (GG)

​နေပြည်တော်အပါအဝင် ရန်ကုန် ၊မန္တလေး၊တောင်ကြီးမြို့တွေက ATM စက်တချို့မှာ ငွေသား​ပြန်လည် ထုတ်ယူနိုင်ပြီလို့ KBZ ဘဏ်က အသိပေးကြေညာလိုက်ပါတယ်။

ဒါပေမယ့်ကြေငြာထားတဲ့ ATM စက်တွေထဲမှာမှ လိုင်းကျတာတွေရှိနေသေးတာကြောင့် ငွေထုတ်ရခက်တဲ့စက်တချို့နဲ့ ငွေထုတ်မရတာတွေ ကြုံနေရတယ်လို့ KBZဘဏ်သုံးစွဲသူတွေကပြောပါတယ်။

” ထုတ်ရပြီဆိုလို့ မနက်က ရန်ကင်းဘက်ရောက်တာနဲ့ ရန်ကင်းစင်တာမှာထုတ်တာမရဘူး၊ Unable to dispense တဲ့ ၊ ထုတ်မရဘူး၊ စိတ်မရှည်လို့ စောင့်မထုတ်ခဲ့ဘူး”လို့ KBZ bank သုံးစွဲသူတဦးကပြောပါတယ်။

KBZ ဘဏ်ကတော့ ဇွန်လ ၉ ရက်နေ့က စပြီး ရန်ကုန်မြို့က ကမာရွတ် ဘဏ်(၁)၊ ဆူးလေဘုရားလမ်း ဘဏ်ခွဲ၊ ကျောက်မြောင်းဈေးဘဏ်ခွဲ၊ကိုးမိုင် ဘဏ်ခွဲ၊ Junction square ဘဏ်ခွဲ၊ ဦးဝိဇာရဘဏ်ခွဲ၊ MICT Park၊ ရန်ကင်းစင်တာ၊ ကျိုက္ကစံ စူပါဝမ်း၊ လှည်းတန်းစင်တာ၊ Junction City က ATM စက်တွေအပါအဝင် နေရာ ၁၅ နေရာခုက ATM စက်တွေကနေ ငွေသား ထုတ်ယူနိုင်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

မန္တလေးမြို့မှာဆိုရင် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၊ တံတားဦးလေဆိပ်၊ ဒိုင်းမွန်းပလာဇာ ၊ Capital Mandalay အပါအဝင် နေရာ ၁၀ ခုက ATM တွေမှာ ငွေသားထုတ်ယူနိုင်မယ်လို့ သိရပါတယ်။

နေပြည်တော်မှာဆိုရင်လည်းKBZ bank ခွဲ၁ အပါအဝင် ၁၃ နေရာ ၊ တောင်ကြီးမှာ ၉ နေရာ KBZ ATM စက်ကနေငွေထုတ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

” သတ်မှတ် ATM စက်တွေမှာ ငွေထုတ်နိုင်ပါပြီ၊ တပတ်ကို ၃သိန်းပါ၊ ATM ကနေငွေထုတ်ထားလည်း ဘဏ်စာအုပ်ထဲက​နေ ငွေထပ်ထုတ်လို့ရပါတယ်၊သတ်မှတ်၁၄ ရက်ပြည့်ရင်ရပါတယ်။ တချို့ ATM တွေ ငွေထုတ်မရတာက ဝန်ထမ်းတွေ ငွေမဖြည့်ရသေးတာတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ “လို့ KBZ bank ဝန်ထမ်းတဦးကပြောပါတယ်။

ကမ္ဘောဇဘဏ်ATM စက်တွေကနေ တပတ်ကို ၃ သိန်း ကျပ်ထုတ်ယူနိုင်ပြီး MPU Debit (ATM ကတ်)မှဖြစ်စေ၊ M Banking Cardless Withdrawal ကတ်မဲ့ငွေထုတ်ခြင်းနည်းနဲ့လည်းရတယ်လို့သိရပါတယ်။

နစကလက်ထက်မှာ ဘဏ်တွေအားလုံးဟာ ATM စက်ကနေ ငွေထုတ်မပေးဘဲ ဘဏ်မှာသာ စာအုပ်နဲ့ငွေထုတ်ပေးနဲ့ စနစ်ကိုကျင့်သုံးနေတဲ့အထဲကနေ KBZ ဘဏ်က ပထမဆုံးအဖြစ် ပြန်လည်ပြီး ATM စက်ကနေ ငွေထုတ်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #KBZ #ATM #ထုတ်မရသူတွေရှိနေ

Related posts

Leave a Comment

VOM News

FREE
VIEW