နေအိမ်ကို ခွင့်နဲ့ပြန်လာတဲ့ စစ်သားတဦး မန္တလေးမြို့မှာ သေနတ်ပစ်ခံရပြီး သေဆုံး

ဇွန် ၂၁၊၂၀၂၂
KK(VOM)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်းက နေအိမ်ကိုခွင့်နဲ့ပြန်လာတဲ့ ခြေလျင်တပ်ရင်းက ဒုတပ်ကြပ်အဆင့်ရှိ စစ်သားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဒီကနေ့ မနက် ရှစ်နာရီဝန်းကျင်က အောင်ချမ်းသာရပ်ကွက် ကမ်းနားလမ်းမှာ စျေးဝယ်ပြီး တဦးတည််းလမ်းလျှောက်လာတဲ့ အမျိုးသားတဦးကို ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“အနောက်ကနေ သေနတ်နဲ့လိုက်ပစ်တာ လေးချက်ထိတယ်၊ သေတဲ့သူက စစ်သားလို့တော့ ​ကြားတယ်၊ အခုတော့ စစ်သားတွေရော ရဲတွေရော စစ်နေတယ်”လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် အဲ့ဒီအမျိုးသားမှာ ကျည်ထိမှန်ဒဏ်ရာလေးချက်ရရှိကာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“လောက်ကိုင်ဘက်ကနေ နေအိမ်ကို ခွင့်နဲ့ပြန်လာတာ၊ စျေးဝယ်ပြီး သူအမေဆီသွားတဲ့အချိန် လမ်းမှာအပစ်ခံရတာပါ၊ ဒုတပ်ကြပ်တဦးလို့ သိရတယ်”လို့ ပြောပါတယ်။
သေဆုံးသူဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ လောက်ကိုင်မြို့အခြေစိုက်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် အမှတ် ၃၂၂ ခြေလျင်တပ်ရင်းမှ ဒုတပ်ကြပ်တင်မျိုးထွေးဆိုသူဖြစ်​တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက်နဲ့ အောင်ချမ်းသာရပ်ကွက်တွေမှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့သလို မန္တလေးမြို့ နေရာအချို့မှာလည်းပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မဟာအောင်မြေမြို့နယ်မှာ ပြီးခဲ့တဲ့လတွေက အုပ်ချုပ်ရေးပိုင်းက လူအချို့ ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW