ရခိုင်နဲ့ ချင်းမှာ ၇ ရက်အတွင်း ၆ ဦးမိုင်းထိ၊ ၅ ဦးဒဏ်ရာရကာ ၁ ဦးသေဆုံး

ဇွန် ၂၁-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကနေ မနေ့ ဇွန်လ ၂၀ ရက်နေ့အထိ မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ ဒဏ်ရာရသေဆုံးမှုတွေရှိခဲ့ပါတယ်။

သေဆုံးသူကတော့ မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းက ၁ ဦးဖြစ်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ ရသေ့တောင်မြို့နယ်က ကျေးလက်နေဒေသခံ ၂ ဦး၊ မြေပုံမြို့နယ် စညှင်း နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့ စစ်ဘေးရှာင်စခန်းတွေက ၃ ဦးတို့ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က မိုင်းပေါက်ကွဲမှုဖြစ်စဉ်မှာတော့ မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင် အမျိုးသား နှစ်ဦးတို့ တောတောင်အတွင်း ဝမ်းစာရှာထွက်ရင်း မိုင်းနင်းမိပြီး ပေါက်ကွဲရာကနေ တဦး ဒဏ်ရာပြင်းထန်ကာ သေဆုံးသွားပြီး ကျန်တဦးကတော့ ဆေးကုသမှုခံယူနေ​တယ်လို့ သိရပါတယ်။

မနေ့ ဇွန်လ ၂၀ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင် (၃) ဦးဟာ မြို့ရဲ့ အနောက်ဘက် ၅ မိုင်လောက်အကွာအဝေးမှာရှိတဲ့ တောအုပ်အတွင်း မျှစ်ချိုး၊ အသီးအရွက်တွေ ခူနေစဉ် သစ်ပင်အောက်က မိုင်းကိုနင်းမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ၂ ဦးဒဏ်ရာရရှိသွားတာဖြစ်ကြောင်း ပလက်ဝမြို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်စခန်းက ဒဏ်ရာရရှိသူတွေကတော့ စိမ်းညှင်းဝကျေးရွာက လာရောက်ခိုလုံနေတဲ့ ဒေခင်ဝင်း အသက် (၄၅) နှစ်နဲ့ ဒေါ် ချစ်ခင် အသက် (၅၀) နှစ်တို့ ဖြစ်ကြောင်း သိရပြီး လက်ရှိအချိန်ထိ ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး မနက်ဖန် ဇွန် ၂၂ ရက်နေ့မှာ စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်သွားမှာဖြစ်​တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ စားဝတ်နေရေးအခက်အခဲတွေရှိနေပြီး အဲဒီ အခက်အခဲတွေကို ပြေလည်အောင် ဟင်းရှာထွက်ကြတဲ့ စစ်ဘေးရှောင်တွေရဲ့အဖြစ်ဟာ ဝမ်းနည်းစရာဖြစ်ကြောင်း မင်းပြားနဲ့ မြေပုံမြို့နယ်တို့မှာ လူမှုကူညီရေးတွေဆောင်ရွက်နေတဲ့ ကိုရွှေစိုးက ပြောပါတယ်။

သူပြောတာက “ ကျနော်တို့ ဒေသက စစ်ဘေးရှောင်တွေအနေနဲ့ အဓိကတော့ စားဝတ်နေရေးအခက်အခဲရှိတယ်။ ကျန်းမာရေး၊ ပညာရေးအခက်အခဲတွေလည်း ရှိတယ်။ အခုကတော့ စားဝတ်နေရေးအခက်အခဲတွေကြောင့် တောတောင်ထဲကို ဝင်ပြီးတော့ ရှာဖွေလုပ်ကိုင်စားသောက်ကြရတယ်။ အဲဒီလို့ တောတောင်တွေထဲဝင်တဲ့အခါ မိုင်းတွေနင်းမိတာတွေက သူတို့ရဲ့ ဘဝတစ်ခုလုံးကို ပျက်စီးသွားသလိုပါဘဲ။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးဖို့လိုပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကတော့ ရသေ့တောင်မြို့နယ်၊ အောင်ဗလကျေးရွာအုပ်စု၊ သာစည်ကုန်းကျေးရွာမှာ လယ်လုပ်နေတဲ့ လင်မယားနှစ်ယောက်ဟာ ပေါက်ပြားနဲ့ မြေတူရာက မိုင်းကိုထိတဲ့အခါ ပေါက်ကွဲမှုဖြစ်ပြီး မျက်နှာနဲ့ ခန္ဓာကိုယ်တွေမှာ ဒဏ်ရာတွေရရှိခဲ့ပါတယ်။

အဲဒီနေ့မှာပဲ သူတို့ကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ပေးခဲ့ရပြီး လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေရ​တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အခုလို ရခိုင်နဲ့ ချင်းပြည်နယ်မှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီး သေဆုံးဒဏ်ရာရရှိတာတွေဟာ ပြီးခဲ့တဲ့ မေလအတွင်းကလည်း (၄) ကြိမ်ဖြစ်ပွားခဲ့ပြီး အမ်း၊ မင်းပြား၊ ကျောက်တော်နဲ့ ပလက်ဝ စတဲ့မြို့နယ်တို့က ကျေးလက်နေပြည်သူ (၄) ဦးသေဆုံးခဲ့ပါတယ်။

ဒေသခံပြည်သူတွေကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ ထောင်ထားတဲ့မိုင်းတွေကို ရှင်းလင်းပေးဖို့ တောင်းဆိုနေတာ ၂ နှစ်နီးပါးကြာမြင့်လာပေမယ့် လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း အမ်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ဘူးသီးတောင် စတဲ့မြို့နယ်တွေအပြင် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွေမှာပါ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး တပ်မတော်နဲ့ အေအေကြား တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ပြင်းထန်တိုက်ပွဲတွေကြောင့် ကျေးလက်နေ ဒေသခံပြည်သူ သိန်းနဲ့ချီ စစ်ဘေးရှောင်ဘဝကို ရောက်ရှိခဲ့ရပြီး စစ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဒေသခံပြည်သူ ရာနဲ့ချီပြီး ထိခိုက်သေကြေပျက်စီးခဲ့​တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #ချင်း #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW