ဇွန် ၁၉ရက်က မွေးနေ့ဆုတောင်းစာ လူမှုကွန်ရက်ပေါ်ရေးတင်ခဲ့တဲ့ ရဲတပ်ကြပ်ကြီးတဦး ဖမ်းဆီးခံရ

ပုသိမ်၊ ဇွန် ၂၅-၂၀၂၂
မင်းမြတ်

ဇွန်လ ၁၉ ရက်က ကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာအမည်မဖော်ဘဲ ဆုတောင်းစာရေးတင်ခဲ့တဲ့ ဧရာ၀တီတိုင်း၊ပုသိမ်ရေကြောင်း ရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီးသန့်ဇင်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

”ဆရာဖမ်းဆီးခံရတာမှန်တယ်၊ ဆရာက အမည်မဖော်ဘဲရေးတင်ခဲ့တာပါ။ဘာတတ်နိုင်မလဲ နီးရာဓားကြောက်ရတာကို”လို့ အဲ့ဒီရဲတပ်ကြပ်ကြီးရဲ့နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဒီရဲတပ်ကြပ်ကြီး သန့်ဇင်ဦးဟာ ဇွန်လ ၁၉ ရက်က သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ”Happy Birthday ပါ၊ အသက်ရှည်ရှည်နေရပါစေ” ဟု အမည်မဖော်ပြဘဲ မွေးနေ့ဆုတောင်းစာရေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဇွန်လ ၂၀ ရက်မှာ ဟန်ငြိမ်းဦးအမည်ရှိ တယ်လီဂရမ်ချန်နယ်က ရဲတပ်ကြပ်ကြီးက ဓာတ်ပုံတွေနဲ့ရေးသားထားတဲ့စာတွေ တင်ခံရပြီးနောက်ပိုင်း
ဖမ်းဆီးခံရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

”ဘယ်လိုပုံစံလုပ်မလဲဆိုတာကတော့ မပြောတတ်ပါဘူး။ ဖမ်းပြီးစစ်ဆေးခံနေရတာကတော့ မှန်တယ်။ ရဲလိုင်းခန်းကမိသားစုတွေကိုလည်း ဖယ်ပေးဖို့ပြော ထားတယ်။အမည်မဖော်ဘဲ မွေးနေ့ဆုတောင်းတင်မိ တာလည်းဟုတ်တယ်။ဟန်ငြိမ်းဦးတယ်လီဂရမ်ချန်နယ်က ရဲတပ်ကြပ်ကြီးရဲ့ ပုံနဲ့စာသားတွေကိုပြန်တင်ပြီးနောက် အဖမ်းခံရတာဘဲ။”လို့ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်ကပြောပါတယ်။

အဲ့ဒီရဲတပ်ကြပ်ကြီးသန့်ဇင်ဦးဟာ စစ်တပ်ရေတပ် ကနေ ရဲဘက်ကို အသွင်ပြောင်းလာသူဖြစ်ပြီး ပုသိမ်ရေကြောင်းရဲတပ်ဖွဲ့စုမှာ ၈ နှစ်နီးပါး တာ၀န်ကျနေသူတဦးလည်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ပြီးခဲ့အပတ်ကလည်း ပုသိမ်မှာ ဒေါ်အောင်ဆန်စုကြည် ရဲ့ ဓာတ်ပုံတွေဖုန်းထဲမှာတွေ့လို့ အမျိုးသား ၂ ယောက် ဖမ်းဆီးစစ်ဆေးခံခဲ့ရသေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #ရဲတပ်ကြပ်ကြီးတဦး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW