ညောင်လေးပင်ခရိုင်မှာ တိုက်ပွဲဖြစ်နေလို့ ရွာပေါင်း ၃၀က ဒေသခံ ၁၆၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရ

ဇွန် ၂၉-၂၀၂၂
VOM (GG)

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း KNU နဲ့ နစကတို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရွာပေါင်း ၃၀ က ရွာသား ၁၆၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ KNUရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။

ညောင်လေးပင်ခရိုင်ထဲက မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေတာကြောင့် လက်နက်ကြီးတွေကျရောက်နေတာဖြစ်တယ်လို့သိရပါတယ်။

ဒါ​ကြောင့် လက်ရှိ ကျေးရွာပေါင်း(၁၁)ရွာမှာရှိတဲ့ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းတွေကို​လည်း ပိတ်ထားရတယ်လို့ သိရပါတယ်။

” ကျောက်ကြီးဘက်ကရွာတွေမှာ KNU နဲ့ စစ်တပ် တိုက်ပွဲဖြစ်နေတာ ပြီးခဲ့တဲ့ရက်ကတည်းက။ ရွာတွေထဲလက်နက်ကြီးတွေလည်းကျတယ်ကြားတယ်။အဲ့ဒီဘက်တွေက အရင်ထဲက သွားလာလို့သိပ်မရဘူး။ အခုတိုက်ပွဲတွေဖြစ်နေတော့ ရွာသားတွေထွက်ပြေးနေရတယ်လို့်ကြားတယ်။ တချို့လည်း အသိတွေရှိတဲ့မြို့ပေါ်လာကြပြီး တချို့က တောထဲပြေးကြတယ် “လို့ ပဲခူးဒေသခံတဦးကပြောပြပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင် နေရတဲ့ ရွာတွေကတော့ မုန်းမြို့ နယ်ရှိ နောင်ကုန်း၊ရန်မျိုးအောင်၊ကျောက်ကြီးမြို့ နယ်ရှိ ကျွန်းကုန်း၊လယ်ဝိုင်းကြီး၊ညောင်ကုန်း၊ ညောင်တန်း၊နရွဲပင်၊ငဗြက်အင်း၊ကြို့ကုန်း၊အင်းနက်၊သဲကုန်း၊ဝဲလဗျင်း၊အောက်ချင်းကုန်း၊လှည်း လမ်းကုန်း၊စပ်လဲ၊မတောကုန်း၊ကျွဲချိုအင်း၊လော်မူသော၊လော်မူပယ်၊ရွာကန့်လန့်၊ထိုးဝါးစိုက်၊ပြည်တော်သာကျွန်းကြီး၊ရွှေသောင်၊ထိပ်ပေါက်၊ပတ္တလား၊ကြိမ်တောမြောင်၊အုတ်မြေဒူး၊ထန်းပင်ကုန်း၊မမယမ်း(အထက်ပိုင်း)၊မမယမ်း(အောက်ပိုင်း)ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

မနေ့ ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းကလည်း ကျောက်ကြီးမြို့၊ မေတ္တာရပ်ကွက်အတွင်း လက်နက်ကြီးကျရောက်ပြီး အသက် ၃၀ အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ညောင်လေးပင် #တိုက်ပွဲရှောင်ဒေသခံ #၁၆၀၀၀ကျော်ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW