မဏိပူရ်မှာ အထောက်အထားမဲ့ နေထိုင်တဲ့ မြန်မာ ၈၀ ဦး ဖမ်းဆီးခံရ

ဇွန် ၊ ၃၀ ၊ ၂၀၂၂
SP (VOM)

အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ ချာချန်ပူရ်ခရိုင် ၊ ချာချန်ပူရ်မြို့ ၊ ဗာလ်ရပ်ကွက်ကို မဏိပူရ်အာဏာပိုင်းတွေက တအိမ်တက် တအိမ်ဆင်း လိုက်လံစစ်ဆေးတဲ့အခါ အထောက်အထားမဲ့ ဝင်ရောက်နေထိုင်နေတဲ့ မြန်မာ ၈၀ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသဆိုင်ရာ သတင်းမီယာတွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

” အဖမ်းခံရတာ မြန်မာယောက် ၈၀ ဖြစ်တယ် ၊ အဲ့ဒီ အထဲမှာ ကလေးငယ် ၂၀ ကျော်ပါဝင်တယ် ၊ သူတို့က အိန္ဒိယဘက်ကို ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက ထွက်ပြေးတိမ်းရှောင်လာပြီး ရရာအလုပ် လုပ်ကိုင်နေတဲ့သူတွေဖြစ်တယ် ၊ ယက္ကန်လုပ်ငန်းကို အဓိက လုပ်ကိုင်နေရင်း အဖမ်းခံရတာပါ “လို့ မိုးရေးမြို့မှာ နေထိုင်ပြီး ရွေ့ပြောင်း မြန်မာလုပ်သားတွေကို ကူညီပေးနေတဲ့ ပါးဂင်ဒိုထန် ဆိုသူက ပြောပါတယ်။

အခုလ ၂၈ ရက်နေ့ကစလို့ ချာချန်ပူရ်မြို့နဲ့ မြို့နယ်ထဲက ကျေးရွာတွေမှာ မဏိပူရ်ပြည်နယ် အာဏာပိုင်တွေက တအိမ်တက် တအိမ်ဆင်း လိုက်လံရှာဖွေ စစ်ဆေးတဲ့အခါ ချာချန်ပူရ်မြို့ ၊ ဗာလ်ရပ်ကွက်ထဲက လူနေအိမ် ၂ လုံးမှာ အထောက်အထားမဲ့ နေထိုင်နေတဲ့ မြန်မာ ၄၀ ကျော်နဲ့ အင်ဖာလ်မြို့မှာ အလှကုန်ပစ္စည်းတွေရောင်းနေတဲ့ မြန်မာ စျေးသည် ၄၀ ဦး အဖမ်းခံရတာဖြစ်ပါတယ်။

” အဖမ်းခံထားရတဲ့ မြန်မာအများစုက မန္တလေး ၊ မုံရွာဘက်က ယက္ကန်းလုပ်သားတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာတဲ့သူတွေဖြစ်ကြတယ် ၊ အင်ဖာလ်ထောင်မှာ အရေးယူပြီး ပြစ်ဒဏ်ကုန်ဆုံးရင် မြန်မာဘက်ကို ပြန်လွှဲမှာဖြစ်တယ်လို့ ၊ အင်ဖာလ် တရားရေး ရှေ့နေအသိုင်းအဝိုင်းက ဟောကိန်းထုတ်နေပေမယ့် ဘာဆက်ဖြစ်လာမယ်ဆိုတာ စောင့်ကြည့်နေရတာ ” လို့ မိုးရေးမြို့မှာ နေထိုင်တဲ့ နယ်စပ်ကုန်သွယ်ရေး ကုန်သည် ဦးဂျမားက ပြောပါတယ်။

ဒါ့အပြင် မြန်မာ့အရေးနဲ့ပတ်သက်လို့ မဏိပူရ်ပြည်နယ် အာဏာပိုင်တွေက ၁၉၈၈ခုနှစ်ကလို အိန္ဒိယ-မြန်မာနယ်စပ်တွေမှာ မြန်မာဒုက္ခသည်စခန်းဖွင့်လှစ်ပေးထားတာနဲ့ လက်ခံထားတာမျိုး မရှိဘူးလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မဏိပူရ် #အထောက်အထားမဲ့မြန်မာ၈၀ဦး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW