မြန်မာအိမ်အကူကို နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ စင်ကာပူအမျိုးသမီးရဲ့အယူခံ တရားရုံးပယ်ချ

စင်ကာပူ၊ ဇွန်-၃၀-၂၀၂၂
မျိုးဆက်(VOM)

မြန်မာအိမ်အကူမိန်းကလေးငယ်ကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တာကြောင့် ထောင်နှစ် ၃၀ ချမှတ်ခံထားရတဲ့ စင်ကာပူအမျိုးသမီးရဲ့ အယူခံကို တရားရုံးက ဇွန် ၂၉ ရက်မှာ ပယ်ချလိုက်ပါတယ်။

Gaiyathiri Murugayan ဆိုသူစင်ကာပူအမျိုးသမီးဟာ ပြစ်ဒဏ်ကို နှစ် ၃၀ ကနေ ၁၂ နှစ်ကနေ ၁၅ နှစ်ကြားထိ လျှော့ပေးဖို့ အယူခံ၀င်ခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့တာဖြစ်ပြီး မြန်မာအိမ်အကူမိန်းကလေး Piang Ngaih Don ကိုသတ်ဖြတ်မှုဟာ အဆိုးရွားဆုံး လူသတ်မှုတွေထဲက တခုဖြစ်ကြောင်း တရားရုံးကပြောပါတယ်။

အသက် ၄၂ နှစ်အရွယ် တရားခံဖြစ်သူဟာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ဝေဒနာကြောင့် ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တရားသူကြီးသုံးဦးက ပယ်ချခဲ့ပြီး တရားရုံးချုပ်တရားသူကြီး See Kee Oon ကပြစ်ဒဏ်ကို အတည်ပြုခဲ့ပါတယ်။

တရားခံကတော့ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် လီရှန်းလွန်းထံ ဆက်လက်အယူခံ၀င်မယ်လို့ ဆိုပါတယ်။

အသက် ၂၄ နှစ်အရွယ် မြန်မာအိမ်အကူမိန်းကလေးဟာ ၁၄ လကြာ နည်းပေါင်းစုံနဲ့ နှိပ်စက်ညှဉ်းပန်းခံရပြီးနောက် ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်မှာ လည်ပင်းမှာပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးခဲ့ပါတယ်။

သူမသေဆုံးချိန်မှာတော့ ကိုယ်အလေးချိန် ၂၄ ကီလိုဂရမ်သာရှိခဲ့ပြီး မသေဆုံးမီရက်တွေမှာ ပြတင်းပေါက်မှာကြိုးနဲ့ချည်ထားခံခဲ့ရပြီး အမှိုက်ပုံးထဲက စားကြွင်းစားကျန်တွေကို ရှာဖွေစားသောက်ရင်လည်း အိမ်ရှင်အမျိုးသမီးက ရိုက်နှက်ခဲ့ပါတယ်။

Ref: CNA
#voiceofmyanmar #VOM #စင်ကာပူ

Related posts

Leave a Comment

VOM News

FREE
VIEW