နယ်စပ်ကနေ တင်ပို့ရောင်းချမယ့် ဆန်နဲ့ပဲအပါအဝင် ကုန်ပစ္စည်းအားလုံး ဒေါ်လာနဲ့သာပေးချေရမယ်လို့ပြောင်းလဲသတ်မှတ်

ဇူလိုင် ၂-၂၀၂၂
VOM (GG)

နယ်စပ်ကုန်သွယ်ရေးမှာ ဆန်၊ ပဲ၊ ပြောင်းနဲ့ ဆီထွက်သီးနှံနဲ့ စတဲ့ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချမှုတိုင်းကို အမေရိကန်ဒေါ်လာနဲ့သာ ပေးချေရမယ်လို့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ပြောင်းလဲသတ်မှတ်လိုက်ပြန်ပါတယ်။

နယ်စပ်ဂိတ်တွေကနေ ကုန်သွယ်မှု​လုပ်တဲ့အခါ ယွမ် ၊ဘတ် တိုက်ရိုက်အသုံးပြုခွင့် ပြုထားရာကနေ အခု ဇူလိုင်လကစပြီး ဒေါ်လာနဲ့သာ ပေးချေဖို့ ပြန်လည် သက်မှတ်လိုက်တာဖြစ်ပြီး အခုလိုသက်မှတ်ချက်ကို ပြီးခဲ့တဲ့ ဇွန်၃၀ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

” ယွမ်ငွေ ၊ ဘတ်ငွေလဲလှယ်မယ့်အစား သတ်မှတ်ကုန်စျေးနှုန်းကို ဒေါ်လာနဲ့သတ်မှတ်မယ်ဆိုပြီး တရားဝင်စာထွက်တယ်။ တရုတ်နိုင်ငံပို့မယ့် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲ ၊နှမ်း၊ ရာဘာ စတဲ့ကုန်ပစ္စည်းမျိုးစုံကို အမေရိကန်ဒေါ်လာနဲ့စျေးနှုန်းသတ်မှတ်ပြီးတော့ တရုတ်ကိုတင်ပို့ရမှာဖြစ်ပါတယ်။ ” လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒု-ဥက္ကဋ္ဌ ဦးမင်းသိန်းကပြောပါတယ်။

နယ်စပ်ကုန်သွယ်မှုကနေရတဲ့ ပို့ကုန်ရငွေကို ဗဟိုဘဏ် ကို ၁၈၅၀ ကျပ်နဲ့ပြန်သွင်းရမှာဖြစ်ကြောင်း မသွင်းရင် ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းတာ၊ လိုင်စင်ပိတ်တာတွေလုပ်မယ်လို့လည်း သိရပါတယ်။

ဗဟိုဘဏ်ကို ၁၈၅၀ ကျပ်နဲ့ ဒေါ်လာသွင်းရသလို ကုန်သည်တွေအတွက်လိုအပ်တဲ့ ဒေါ်လာကိုလည်း ဗဟိုဘဏ်ဘက်က အပြည့်ဝအထုတ်ပေးမှသာ ကုန်သည်တွေအတွက် အဆင်ပြေမှာဖြစ်ပြီး အကယ်၍ ဒေါ်လာထုတ်ရောင်းမပေးနိုင်ပါက ကုန်သည်တွေဒုက္ခရောက်ပြီး နယ်စပ်ကုန်သွယ်မှုရပ်တန့်သွားနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

” ဟိုးအရင် ယွမ်/ဘတ်အသုံးပြုခွင့်မပေးခင် ဒေါ်လာနဲ့ပေးချရတုန်းက ပို့ကုန်ရတဲ့ဒေါ်လာကို ဗဟိုဘဏ်မသွင်းရဘူးလေ၊ရတာကိုကိုင်ထားလည်းရသလို ကြိုက်စျေးပြန်ရောင်းလည်းရတယ်။ အခုက ၁၈၅၀ နဲ့ပြန်သွင်းရတယ်။ ဒီစနစ်က ကျနော်တို့ ကုန်သည်တွေအတွက်အဆင်မပြေနိုင်ဘူး။ “လို့ နောက်ထပ်ကုန်သည်တဦးကပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးကို ရေကြောင်းကုန်သွယ်ရေးပုံစံပြောင်းလဲလိုက်တာဖြစ်ကြောင်း၊ အခုလို ပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် နယ်စပ်ကုန်သွယ်ရေး အခြေအနေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ကုန်သည်တွေက ပြောဆိုနေပါတယ်။

ပို့ကုန်ရငွေအနေနဲ့လည်း ပို့ကုန်ပစ္စည်းတွေတင်ပို့ပြီးနောက် ၄၅ ရက်အတွင်း ပို့ကုန်ရငွေမဖြစ်မနေ ဝင်ရောက်ရမှာဖြစ်ပြီး ပို့ကုန်လိုင်စင်သက်တမ်းကို ၁ လ ခွင့်ပြုပေးဖို့ စီးပွား​ရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကသတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နယ်စပ် #ကုန်ပစ္စည်း #ဒေါ်လာနဲ့သာပေးချေရမယ်

Related posts

Leave a Comment

VOM News

FREE
VIEW