ဆားလင်းကြီးနယ်မှာ လူနေအိမ်တွေ မီးရှို့ခံရပြီး သေဆုံးသူ ၈ ဦးနဲ့ ၁ဒါဇင်နီးပါး ပျောက်ဆုံးနေ

ဇူလိုင် ၊ ၃ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေမှာ မီးရှို့ခံရတဲ့ အိမ်ခြေအရေအတွက်ဟာ ၂ ရာနီးပါးရှိနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က ဖလံကန်ရွာက အိမ် ၆ လုံးမီးရှို့ခံရတယ် ၊ ရွာခံ ၁ ယောက် သေဆုံးပြီး ၊ ၁ ယောက်က ပျောက်ဆုံးနေတယ် ၊ စစ်ကြောင်းဝင်လာပြီဆိုရင် တရွာလုံးထွက်ပြေးရတော့ မီးကိုဘယ်သူရှို့တယ်ဆိုတာ မြင်ရတာမျိုးတော့ မရှိဘူး ၊ စစ်ကြောင်းဝင်ပြီး မီးလောင်တာပဲ “လို့ ဖလန်ကန်ရွာခံ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစလို့ ဆားလင်းကြီးမြို့နယ်ထဲက ဝါးတန်း ၊ ဖောင်းကား ၊ မိုးကြိုးပြင် ၊ လင်းစားကျက် ၊ တုံ ၊ တောကျောင်း စတဲ့ရွာတွေက လူနေအိမ်တချို့နဲ့ ရာသီပေါ် သီးနှံထားရှိ သိုလှောင်တဲတွေအပြင် နွားစာတိုက်တဲတွေပါ မီးလောင်ခဲ့တာဖြစ်ပြီး အဲ့ဒီလို မီးလောင်ခဲ့တဲ့ အဆောက်အဦးပေါင်းဟာ ၂ ရာနီးပါးရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

” ရွာတွေက လူနေအိမ်တွေတင် မီးလောင်တာမကဘူး ၊ ရွာတချို့ အသတ်ခံရတာတွေရှိတယ် ၊ အလောင်းတွေ့ရတာ ၈ ဦးရှိပြီး ပျောက်ဆုံးနေတာ ၁၀ ယောက်ကျော်တယ် ” လို့ ဖောင်းကတာရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီလို လူနေအိမ်တွေ မီးလောင်တာ ၊ ရွာသားတချို့ သေဆုံးရတာနဲ့ ပျောက်ဆုံးရတာဟာ လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းကို အကာအကွယ်ပေးနေတဲ့သဘောဖြစ်တယ်လို့လည်း လက်ပံတောင်းတောင် ဒေသခံတွေက သဘောထားကြေညာချက်တွေ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

လက်ပံတောင်ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္ပဏီရဲ့ သဘောထားကြေညာချက်ထဲမှာတော့ လက်တလော ပဋိပက္ခဖြစ်စဥ်တွေမှာ ပါဝင်ပတ်သက်မှု မရှိကြောင်းနဲ့ အပြစ်မဲ့ပြည်သူတွေနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေ ထိခိုက်ဆုံးရှုံးမှု မရှိစေရန်အတွက် မိမိတို့ရဲ့ ဆန္ဒတခုတည်းသာ ဖော်ပြခဲ့တယ်လို့ ရေးထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးအပတ်ထဲက ဆားလင်းကြီးမြို့နားက ဆက်သွယ်ရေး တာဝါတိုင် ၃ ခုနဲ့ ညောင်ပင်ကြီး ပင်မ ဓာတ်အားခွဲရုံကနေ ကြေးနီစီမံကိန်းကို ပို့ဆောင်ပေးနေတဲ့ လျှပ်စစ်တာဝါတိုင် ၁ ခု မိုင်းကွဲခဲ့တဲ့ဖြစ်စဥ်လည်း ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး

Related posts

Leave a Comment

VOM News

FREE
VIEW