မန္တလေးမှာ ပရိဘောဂဆိုင်တဆိုင်ကို သေနတ်ပြပြီး ငွေသားနဲ့ရွှေ သိန်း ၄၃၀ကျော်ခန့် ဓားပြတိုက်သွား

ဇူလိုင် ၃-၂၀၂၂
VOM (GG)

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊ဟေမမာလာမြောက်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၆ လမ်းနဲ့၇၇ လမ်းကြားရှိ ပရိဘောဂဆိုင်တဆိုင်က ငွေသား နဲ့ ရွှေထည် သိန်း ၄၃၃ ကျပ်ခန့် ဓားပြတိုက် လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။

မနေ့ ဇူလိုင်၂ ရက်​ ည၉နာရီခွဲလောက်မှာ အမည်မသိအမျိုးသား ၇ ယောက်က ဆိုင်ကိုရောက်လာပြီး သေနတ်ပြခြိမ်းခြောက်ကာ ဆိုင်ပိုင်ရှင် ရှိ၊မရှိမေးမြန်းပြီး
နေအိမ်အပေါ်ထပ် အခန်းတွင်း ဘီရိုထဲကနေ ငွေနဲ့ရွှေတွေကို လုယူသွားတာဖြစ်တယ်လို့ သိရပါတယ်။

” မနေ့ညက ဖြစ်တာ။ကြားတာတော့ ပျောက်ကြားယူနီဖောင်းဝတ်ထားသူလည်းပါတယ်ပြောကြတယ်။ ဆိုင်ပိုင်ရှင် ကိုဖိုးဇော်ကို လာရှာတာမတွေ့တော့ ပစ္စည်းတွေယူသွားတာလို့သိရတယ်။ ဆိုင်ကယ် ၃ စီးနဲ့လာကြတာတဲ့။ အခုထိတော့ မိတယ်မကြားသေးဘူး” လို့ ဒေသခံတဦးကပြောပါတယ်။

လက်ရှိအချိန်ထိတော့ ဓားပြတိုက်ပြီးပစ္စည်းလုယက်သူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ CCTV မှတ်တမ်းရယူပြီး စစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်ပြီး နယ်မြေခံ အမှတ်(၉)ရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၉၅နဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

မန္တလေးမြို့သာမက ရန်ကုန်တိုင်း၊စစ်ကိုင်းတိုင်း၊ရှမ်းပြည်နယ်၊ပဲခူးတိုင်းထဲက မြို့နယ်အချို့မှာလည်း နေအိမ်အတွင်းဝင်ရောက်လုယက်တာတွေ၊ နေထိုင်သူအိမ်ရှင်တွေကို အန္တရာယ်ပေးတာတွေ၊လူသတ်တာတွေ၊လမ်းမပေါ်မှာ ရိုက်နှက်ပြီးပစ္စည်းလုယက်တာတွေ ၊ ရွှေဆိုင်ဓားပြတိုက်တာ ၊ ဘဏ်တွေလုယက်ခံရတာ၊ ဆိုင်ကယ်တွေလုယက်ခံရတာတွေ ဖြစ်နေပါတယ်။

Photo-၃၆လမ်းနဲ့၇၇လမ်းထောင့်
#voiceofmyanmar #VOM #မန္တလေး #ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW