ဇူလိုင် ၃ -၂၀၂၂
VOM (GG)
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသား ကိုဉာဏ်ဝင်းထက်ဆိုသူ ဖမ်းဆီးခံရပြီး စစ်ကြောရေးကို့ ပို့လိုက်တယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂဆီကနေ သိရပါတယ်။
ကိုဥာဏ်ဝင်းထက်ဟာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာအထူးပြုဘာသာရပ်ဒုတိယနှစ်ကျောင်းသား ဖြစ်ပြီး အသက် ၂၁ နှစ်ဖြစ်တယ်လို့သိရပါတယ်။
” ဒေါပုံမှာ ဇွန် ၃၀ရက် ညဘက်ကြီးအဖမ်းခံလိုက်ရတယ်၊ အခုစစ်ကြောရေးကိုပို့လိုက်ကြတယ်။ အရင်တခါ သူ့အိမ်မှာလာဖမ်းတုန်းကလည်း သူ့ကိုမတွေ့သွားဘူး။ အခု ဒုတိယအကြိမ်မှာ ဖမ်းမိသွားတာ၊ မနေ့ကမှ သိရတာ”လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားတဦးကပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကလည်း ကိုဉာဏ်ဝင်းထက်ကို နေအိမ်မှာ လာရောက်ရှာဖွေခဲ့ရာ မတွေ့သဖြင့် မိသားစုဝင်တွေကို ခေါ်ဆောင်သွားကာ ၂ရက်အကြာမှ ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဇွန်လ ၁၅ ရက်နေ့ကလည်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသူ မရွှေရည်ဝင်းနဲ့သူရဲ့ဖခင်ဖြစ်သူကို ဖမ်းဆီးပြီး စစ်ကြောရေးကိုပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်အတွင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ကျောင်းသား ၁၆ ဦး ဖမ်းဆီးခံထားရပြီး ၂ ဦးသေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံကျောင်းသားတွေထဲမှာ ထောင်ဒဏ် ၂ နှစ်ချခံထားရသူ ၅ ဦး၊ ထောင်ဒဏ် ၆ နှစ်ချခံထားရသူက ၁ဦး၊ထောင်ဒဏ် ၃ နှစ်ချခံထားရသူက ၂ ဦးရှိပြီး ကျန်သူတွေက သတင်းစုံစမ်းနေဆဲရှိသလို၊စစ်ကြောရေးမှာရောက်နေပြီး အဆက်သွယ်မရသူတွေ၊ တရားရင်ဆိုင်နေရဆဲသူတွေလည်းရှိတယ်လို့ သိရပါတယ် ။
ကျောင်းသားအချို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(က)(ဈ)၊၅၁(ဂ) တွေနဲ့ တရားစွဲခံထားရတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ရန်ကုန်