ဖားကန့်နယ်မှာ ၆ လအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၅၀ ကျော် ဖမ်းဆီးခံထားရ

ဇူလိုင် ၄ ၊ ၂၀၂၂
SP(VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ်မှာ ၂၀၂၂ခုနှစ် ဇန်န၀ါရီလကစလို့ ဇွန်လကုန်အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၅၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဖားကန့်နိုင်ငံရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

” ဒီနှစ် ၆ လအတွင်း အဖမ်းခံထားရသူ ၅၀ ကျော်ရှိမယ် ၊ ဒါက လက်လှမ်းမီသလောက်စာရင်းပဲရှိသေးတာ ၊ အ​ခြေအနေမှန်က ဒီထက်ပိုမိုများဖို့ပဲရှိတယ် ၊ ဖားကန့်နယ်မှာ အဖမ်းခံရတာတွေရှိသလို ၊ ဖားကန့်နယ်သားက အခြားမြို့ရွာတွေဆီမှာ အဖမ်းခံထားရတာလည်း ရှိတယ် “လို့ဖားကန့်ဒေသခံ လူငယ်တယောက်က ပြောပါတယ်။

အဲ့ဒီ အခြေအနေနဲ့ ပတ်သက်လို့ မိုးညှင်းခရိုင် ရှေ့နေ အသိုင်းအဝိုင်းကတော့ ” ဖားကန့်နယ်မှာ အဖမ်းခံထားရတဲ့သူတွေတည်းက ရှေ့နေ ရှေ့ရပ်နဲ့ တရားခွင်ကြားနားဖို့ ငှားရမ်းထားတာ ၄၀ ကျော် ၊ ၅၀ ဝန်းကျင်ရှိမယ် ၊ အမှုအမျိုးအစားကတော့ ၅၀၅ တွေပါသလို ၊ အများစုကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပုဒ်မတွေဖြစ်တယ်”လို့ ပြောပါတယ်။

ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရုံးနဲ့နီးစပ်သူတဦးက ” ဖားကန့်မြို့ပေါ်က ဆိုတာထက် နယ်က ပိုများမယ် ၊ ဆိပ်မူး ၊ တာမခံ ၊ ဟောင်ပါး အဲ့ဒီ ရွာဘက်တွေက၊ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေဖြစ်တယ် ၊ လက်ရှိ ဖမ်းဆီးရမိ အရေအတွက်ထက် အမှုနဲ့ ဖမ်းဆီးဖို့အလိုရှိနေတဲ့ အရေအတွက်က ပိုများမယ် “လို့ ပြောပါတယ်။

ဖားကန့်နယ်မှာ ဖမ်းဆီး အရေးယူမှုတွေ များလာခဲ့ပြီးနောက်ပိုင်း နိုင်ငံရေး ထင်ပေါ်ကျော်ကြားသူတချို့ ထွက်ပြေးတိမ်းရှောင်သွားတဲ့အခါ နေအိမ် ချိတ်ပိတ်တာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW